
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြို့နယ်စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်အတွင်းစားအုန်းဆီလက်ကား/လက်လီ ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးပွဲကို(၄.၄.၂၀၂၆)ရက်နေ့ နံနက်(၀၉း၃၀)နာရီအချိန်တွင် ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ဧရာဦးအစည်းဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားအုန်းဆီ ဖြန့်ဖြူးလျက်ရှိရာ စားသုံးသူပြည်သူများအား သတ်မှတ်ဈေးနှုန်းဖြင့် အဆင်ပြေချောမွေ့စွာ စားအုန်းဆီဝယ်ယူရရှိနိုင်ရေး၊ တရားမဝင်ရောင်းချမှုများ လျော့နည်းပပျောက်စေရေးရည်ရွယ်၍ စားအုန်းဆီ ဖြန့်ဖြူးခြင်း လုပ်ငန်းများနှင့် ပတ်သတ်၍ ကျေးရွာ/ ရပ်ကွက်အလိုက် ဝယ်ယူရမည့်လက်လီအရောင်းဆိုင်၊ အိမ်ထောင်စုများအတွက် စားအုန်းဆီဝယ်ယူခွင့်စာအုပ်များပြုလုပ်၍ ခွဲတမ်းအလိုက်ရောင်းချရန် လမ်းညွှန်ချက်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း အသိပညာပေး ပြောကြားခဲ့ပါသည်။
မြို့နယ်စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဌမှ ကြံခင်းမြို့နယ်အတွင်း ကျေးရွာ/ရပ်ကွက်အိမ်ထောင်စုအလိုက် စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဖြန့်ဖြူးရောင်းချပေးနေသော စားအုန်းဆီများအပေါ် သက်ဆိုင်ရာအုပ်ချုပ်ရေးမှုးများ၊ ကုန်မျိုးစုံ လက်လီဆိုင်များအနေဖြင့် မသမာသောနည်းလမ်းများဖြင့် ရောင်းချမှုမပြုလုပ်ရေး၊ စျေးနှုန်းမြှင့်တင်(လုံးဝ)မရောင်းချရေး၊ လစဥ်ရောင်းချမှု အကြိမ်ရေအတိုင်း အိမ်ထောင်စုများရရှိရေးဆောင်ရွက်သွားရန်နှင့် မသမာမှုနည်းလမ်းများအသုံးပြု၍ ရောင်းချမှုများဖြစ်ပေါ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်နိုင်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
