
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်နှင့် ဖျာပုံခရိုင်များအတွင်းရှိ မြို့နယ်များတွင် စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းများ စနစ်တကျမှန်ကန် စေရေးနှင့် စားသုံးသူပြည်သူများ လက်ဝယ်အရောက် သတ်မှတ်ဈေးနှုန်း၊ သတ်မှတ်ပမာဏအတိုင်း ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၇.၄.၂၀၂၆ ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းကျော်က ဧရာဝတီတိုင်းဒေသကြီးအတွင်း စားအုန်းဆီဖြန့်ဖြူး နေမှုစနစ်အပေါ် စနစ်တကျမှန်ကန်မှုရှိစေရေးနှင့် စားသုံးသူပြည်သူများ လက်ဝယ်အရောက် သတ်မှတ်ထားသောခွဲဝေမှုများအတိုင်း ပျံ့ပျံ့ နှံ့နှံ့ ဖြန့်ဖြူးပေးနိုင်ရေးကိစ္စရပ်များနှင့် စက်မှုလုပ်ငန်းသုံး စားအုန်းဆီများကိုလည်း လုပ်ငန်းလိုအပ်ချက် အပေါ်မှုတည်ပြီး ခွဲဝေဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ မအူပင်ခရိုင်နှင့် ဖျာပုံခရိုင်အတွင်းရှိ လက်ကား/လက်လီ ကိုယ်စားလှယ်များအနေဖြင့်လည်း မိမိတို့ခွဲဝေရရှိသော စားအုန်းဆီများကိုသတ်မှတ်ချက်များနှင့် အညီ ပြည်သူများသို့ ဖြန့်ဖြူးရောင်းချရန်လိုအပ်ပါကြောင်း၊ စီးပွားရေးကျင့်ဝတ်နှင့်အညီ စားသုံးဆီဈေးနှုန်းနှင့် ဈေးကွက် တည်ငြိမ်စေရေး စားအုန်းဆီဖြန့်ဖြူးမှု လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင် ဌာနဆိုင်ရာများ၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် အသင်းတာဝန်ရှိသူများ၊ လက်ကား/လက်လီကိုယ်စားလှယ်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် စသည်ဖြင့်ဆွေးနွေးပြောကြားခဲ့ပြီး မအူပင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌဦးမြင့်နိုင်မှ ခရိုင်အတွင်းစားအုန်းဆီဖြန့်ဖြူး ရောင်းချပေးမှုများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထွန်းက တိုင်းဒေသကြီးအတွင်း ပြည်သူများထံသို့ ဆီဖြန့်ခွဲရောင်းချပေးမှုအခြေအနေနှင့် စက်မှုလုပ်ငန်းသုံးဆီဖြန့်ဖြူးရောင်းချပေးမှုအခြေအနေများကို ရှင်းလင်းတင်ပြခြင်း၊ မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းတို့က ခရိုင်အတွင်း စားသုံးဆီရရှိမှုနှင့် ဖြန့်ဖြူးပေးနေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မအူပင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသက်ဦးက စားအုန်းဆီ ဖြန့်ဖြူးပေးနေမှု အခြေအနေများကိုလည်းကောင်း၊ ဖျာပုံခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်ခိုင်ဝင်းက စားအုန်းဆီဖြန့်ဖြူးပေးနေမှု အခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်း တင်ပြခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းကျော်က နိဂုံးချုပ်စကားပြောကြားခြင်းနှင့် ခရိုင်များမှ တင်ပြမှုများအပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း လမ်းညွှန်ပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းကျော်နှင့် တာဝန်ရှိသူများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မအူပင်ခရိုင်နှင့် ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ စားသုံးဆီ ဖြန့်ဖြူးရောင်းချသည့် လက်ကား/ လက်လီကိုယ်စားလှယ်များ၊ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
