
၂၀၂၆ ခုနှစ်၊ မေလ (၇) ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် မကွေးမြို့၊ မြို့တော်ခန်းမ၌ “ဆီထွက်သီးနှံတိုးမြှင့်စိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံပွဲ” အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီး ဆီစက်ပိုင်ရှင်များအသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးသူ တောင်သူများ စုစုပေါင်း ( ၅၀၀ ) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ မကွေးတိုင်း ဒေသကြီးအနေဖြင့် စိုက်ပျိုးရေးကို အခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ရာ သီးနှံစုံ စိုက်ဧကမှာ ဧက (၆၄) သိန်း (၈) သောင်းကျော်ရှိရာတွင် ဆီထွက်သီးနှံကို အများဆုံး စိုက်ပျိုးထားသော တိုင်းဒေသကြီးတစ်ခုဖြစ်ရာ ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားပြီး ပန်းတိုင်အထွက်နှုန်းရ ဧရိယာ များ တိုးတက်လာရေး ဆောင်ရွက်သွားကြရန်နှင့် မြန်မာနိုင်ငံတွင် လူဦးရေ တိုးတက်လာသည်နှင့် အမျှ ဆီစားသုံးမှုမှာလည်း များပြားလာပြီး ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှုမှာ လုံလောက်မှု မရှိသည့် အတွက် ပြည်ပမှ စားအုန်းဆီ တင်သွင်းမှု တဖြေးဖြေး မြင့်တက်လာရာ နိုင်ငံတော်မှ နိုင်ငံခြားငွေ နှစ်စဉ် များစွာ ကုန်ကျနေသည့် အခြေအနေတွင် ပြည်ပမှ ဆီတင်သွင်းမှုကို တဖြေးဖြေးလျော့ချရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်းစားသုံးဆီ ဖူလုံရေးကို ဆီထွက်သီးနှံစိုက်ပျိုးမှု ဧရိယာ တိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေး ပံ့ပိုးကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရမည့် အခက်အခဲ၊ အဟန့်အတားများကို ဆက်စပ်ဆောင်ရွက်နေသော ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ တောင်သူများ စုပေါင်းအားဖြင့် ဆောင်ရွက်ကြပြီး ရင်ဆိုင်ကျော်လွှား ကာ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား ခဲ့ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီးမှ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဆီထွက်သီးနှံအတွက် ဆောင်ရွက်နိုင်မည့် ရေမြေသဘာဝအခြေခံနှင့် အခွင့်အလမ်းများ၊ အခြေအနေ ကောင်းများသည် မိမိတို့ တိုင်းဒေသကြီးတွင် ရှိသည့်အတွက် တက်ရောက်လာသူများအနေဖြင့် စီမံကိန်း အောင်မြင်အောင် ပေါင်းစပ်ညှိနှိုင်း ကြိုးပမ်းဆောင်ရွက်သွားကြရန် တွန်းတွန်းမှာကြားခဲ့ ပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် တောင်သူများ၏ ဝင်ငွေ တိုးတက်ရေး၊ ပြည်တွင်းစားသုံးဆီ ဖူလုံရေး၊ သွင်းကုန်လျော့ချရေးနှင့် ပြည်ပပို့ကုန် တိုးမြှင့်ရေးတို့ အတွက် အလွန်အရေးပါသောကဏ္ဍဖြစ်ပါကြောင်း၊ လက်တွေ့ကျသော မူဝါဒများ၊ ခေတ်မီနည်းပညာများ
လုံလောက်သော ရင်းနှီးမြှုပ်နှံမှုများနှင့် သက်ဆိုင်သူအားလုံး ပူးပေါင်းဆောင်ရွက်မှုဖြင့် ရေရှည် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးချက်များကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်စေရန် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့နှင့် ကုန်သည်လုပ်ငန်းရှင်များ၊ တောင်သူများအားလုံးက စားသုံးဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့ပြီး၊ အခမ်းအနား ဒုတိယပိုင်းတွင် “ဆီထွက်သီးနှံ တိုးမြှင့်စိုက်ပျိုးနိုင်ရေး ဝိုင်းဝန်းကူညီ ပံ့ပိုးပေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း ( Panel Discussion ) အား မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း ဒုတိယ ဥက္ကဌက (Moderator) အဖြစ် ဦးဆောင်၍ မေးမြန်းသည့် မေးခွန်းများအပေါ် Panel List များအဖြစ် မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း ဥက္ကဌ၊ ရွှေပြည်သာ သီးနှံပွဲရုံ လုပ်ငန်းရှင်၊ စိုက်ပျိုးရေးဦးစီးဌာန မှ တာဝန်ရှိသူ၊ မြန်မာ့ဩဘာလုပ်ငန်းစုမှ နည်းပညာ တာဝန်ခံ၊ GBS ကုမ္ပဏီမှ General Manager တို့မှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖြေကြားခဲ့ပြီး တက်ရောက်လာကြသည့် စိုက်ပျိုးသူ တောင်သူများမှ သိရှိလိုသည်များအား မေးမြန်းခဲ့မှုအပေါ် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် Panel List များမှ အသီးသီး ဖြေကြားခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားအား နေ့လည် (၁၄:၃၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(မကွေး)
