
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများသည် အခြားမိတ်ဖက်ဌာနတို့နှင့် ပူးပေါင်းပြီး ၇-၈-၂၀၂၆ ရက်နေ့တွင် ပန်းတနော်မြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ စားအုန်းဆီဘူးသွပ်ဆီရောင်းချသော ဆိုင်များသို့သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ အမှတ်တံဆိပ်ပါ အဆင့်မြင့်စားအုန်းဆီတွင် ဖော်ပြရန်သတ်မှတ်ထားသော သက်ဆိုင်ရာဌာနများ၏ အချက်အလက်များ၊ စားသုံးသူရေးရာဦးစီးဌာန၏ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက် အမှတ်(၁/၂၀၂၁)အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖော်ပြပါရှိကြောင်းတွေ့ရှိရပြီး၊ ထို့အပြင် အမှတ်တံဆိပ်ပါ ဘူးဆီများ၏ ဈေးနှုန်းများကို ဈေးကွက်အတွင်း လက်ရှိရောင်းချနေသည့် ဈေးနှုန်းများနှင့် နှိုင်းယှဉ်စောင့်ကြည့်ခဲ့ပြီး အလေးချိန်မှန်ကန်မှု၊ အရည်အသွေးနှင့် ရောင်းချမှုအခြေအနေများကိုလည်း ဆိုင်ရှင်များထံ မေးမြန်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများ ဘေးကင်းလုံခြုံပြီး အရည်အသွေးပြည့်မီသော ကုန်စည်များကို ရွေးချယ်ဝယ်ယူနိုင်ရေး၊ ဈေးနှုန်းနှင့် အရည်အသွေးဆိုင်ရာ အခွင့်အရေးများ မထိခိုက်စေရေးအတွက် အမှတ်တံဆိပ်ပါ ဘူးဆီများအပါအဝင် အခြေခံစားသောက်ကုန်များ၏ ဈေးကွက်အခြေအနေကို ဆက်လက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
