မုံရွာမြို့၏ ပန်းဈေးကွက်သည် ယခင်က ဘုရားနီဈေး (သံလမ်းဈေး)တွင် ကျယ်ပြန့်စွာ ရောင်းဝယ်ဖောက်ကားခဲ့ရာမှ ကန်သာယာဈေး စတင်ဖွင့်လှစ်သည့်နှစ်မှစ၍ ကန်သာယာဈေး တောင်ဘက် ဒေါနခြံရပ်နှင့် လယ်တီရပ် လမ်းဆုံတွင် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။ အဆိုပါပန်းဈေးတန်းမှာ တနေကုန် ရောင်းချလျက်ရှိပြီး လက်လီ လက်ကား ရောင်းသူ/ ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရပါသည်။
ပန်းဈေးတန်းတွင် ရောင်းချသောပန်းများမှာ ဂန္ဓမာပန်း၊ သပြေပန်း၊ ကံ့ကော်ပန်း၊ နှင်းဆီပန်း၊ သစ္စာပန်း၊ ပန်းထိမ်ပန်း၊ နှင်းပန်း၊ သစ်ခွပန်းများနှင့် လီလီပန်းများကို တစ်ဆင့်ပြန်လည် ဖြန့်ဖြူး ရောင်းချလျက်ရှိပါသည်။ ဂန္ဓာမာပန်းများတွင် စံပယ်ဖြူ၊ စံပယ်ဝါ၊ ခိုင်ရွှေဝါ၊ ခိုင်ဂျူး စသည့် အမျိုး အမည်များဖြင့် ရောင်းချလျက်ရှိရာ ပန်းတစ်စည်းလျှင် (၅၀၀)ကျပ်မှ (၁၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ သပြေပန်းများတွင် ရက်တစ်ရာသပြေပန်း၊ ညိုချော၊ အာဆီယံ စသည့်အမည်များဖြင့် ရောင်းချ လျက်ရှိပြီး ရက်တစ်ရာသပြေပန်း တစ်ငုတ်လျှင်(၇၀၀)ကျပ်မှ (၁၅၀၀)ကျပ်ဈေးနှုန်းဖြင့်လည်းကောင်း၊ ညိုချော၊ အာဆီယံသပြေပန်းများကို တစ်စည်းလျှင် (၃၀၀)ကျပ်မှ (၅၀၀)ကျပ်ဖြင့် လည်းကောင်း ၊ တွဲပန်း(ချိတ်ပန်း)ဈေးကွက်တွင် စံပယ်၊ ဇွန်၊ တရုတ်ဇွန်၊ မြတ်လေး၊ ကံ့ကော်၊ စကားဝါ၊ ရွှေပန်း၊ ငွေပန်းများ ရာသီအလိုက်ဝင်ရောက်ခဲ့ပြီး (၁၀)ကုံးပါ တစ်တွဲလျှင် (၁၀၀)ကျပ်မှ (၁၀၀၀)ကျပ်အထိ လည်းကောင်း အသီးသီးရောင်းချကြကြောင်း သိရပါသည်။ ပန်းဈေးကွက်အတွင်း ပန်းစီးဆင်းမှုအနေဖြင့် ဂန္ဓမာပန်းများကို မုံရွာ၊ ကနီ၊ ယင်းမာပင်၊ ဆားလင်းကြီး မြို့နယ်များမှ စိုက်ပျိုးထွက်ရှိပြီး ဆိုင်ကယ်များဖြင့် နေ့စဉ်လာရောက် ရောင်းချကြကြောင်း၊ သစ္စာပန်း၊ သစ်ခွပန်း၊ ပန်းတိမ်ပန်းများကို ပြင်ဦးလွင်မှ နေ့စဉ်ကားများဖြင့် ရောင်းချလျက်ရှိသလို ရက်တစ်ရာ သပြေပန်းများကို ကျောက်ဆည်၊ နေပြည်တော်မြို့များမှ ဝင်ရောက်ကြောင်း သိရပါသည်။ ထိုသို့ ရောင်းဝယ် ဖောက်ကားမှု တိုးတက်လာသည်နှင့်အညီ ပြည်နယ်/တိုင်း အသီးသီးမှ ပန်းစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ ဒေသအတွင်းမှ ပန်းစိုက်တောင်သူများ၊ လက်ကားကုန်သည်များနှင့် မုံရွာမြို့အတွင်း စက်ဘီး၊ ဆိုင်ကယ်များဖြင့် လှည့်လည်ရောင်းချသည့် လက်လီလက်ကားဈေးကွက်ရှိ ပန်းဈေးသည် အားလုံးတို့၏ မှီခိုအားထားရာ ပန်းဈေးကွက်တစ်ခုအဖြစ် အောင်မြင်စွာ ရပ်တည်လျက်ရှိကြောင်း တွေ့ရှိရပါသည်။
DOCA(စစ်ကိုင်း)