စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ်တင်ပြလျက်ရှိပါသည်။
ယခု ဒီဇင်ဘာလ ပထမပတ်တွင် ရွှေဘိုမြို့ စည်ပင်သာယာဈေးအတွင်းရှိ ပွဲရုံများ၌ ကြက်သွန်နီအဟောင်းများဝင်ရောက်မှု နည်းပါးနေပြီး (ဥစိုက်) ကြက်သွန်နီအသစ် (မိတ်ပြန်)များ နိုဝင်ဘာလလယ်ပိုင်း မှစတင်၍ ဝင်ရောက်လျက် ရှိရာ (ဥစိုက်) ကြက်သွန်နီ အသစ်များမှာ မိမိတို့ဒေသတွင်းဖြစ်သော ခင်ဦးမြို့နယ်ရှိ ကျေးရွာများမှ စိုက်ပျိုးကြသော ကြက်သွန်နီအသစ်များအပြင် မန္တလေးပွဲရုံများနှင့် မုံရွာမြို့ပွဲရုံများမှ တစ်ဆင့်မှာယူ၍ ရောင်းချနေရကြောင်း ကြက်သွန်နီ ရောင်းချသော ပွဲရုံတစ်ခုမှ သိရသည်။
ရွှေဘိုမြို့သို့ (ဥစိုက်)ကြက်သွန်နီသစ်များ နေ့စဉ် ပိဿာ ၂၀၀၀မှ ၃၀၀၀ကြားခန့် ဝင်ရောက်လျက်ရှိပြီး လက်လီ တစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၄၅၀၀ကျပ်ထိ ပေါက်ဈေးရှိပြီး ကြက်သွန်နီအသစ်ပေါ်ခါစ ဈေးနှုန်းထက် ၂၀၀၀ကျပ်ခန့် မြင့်တက်လျက်ရှိကြောင်း သိရသည်။
အရည်အသွေးအရ တာရှည်အထားမခံ၍ ဥစိုက် ကြက်သွန်နီသည် စိုက်ပျိုးမှု နည်းပါးပြီး၊ လှောင်လက်ပွဲရုံများမှ ဝယ်ယူမှုမရှိပဲ နေ့စဉ်အသုံးများသည့် အစားအသောက် ချက်ပြုတ်ရောင်းချသည့် စားသောက်ဆိုင်များနှင့် စားသုံးသူ အိမ်ရှင်မများမှ လက်လီဝယ်ယူလျက်ရှိပြီး၊ ကြက်သွန်နီ စိုက်ပျိုးမှု မရှိသော မိုးကုတ်၊ မြစ်ကြီးနား ၊ ကောလင်း၊ဝန်းသို စသည့် မြို့များသို့ အနည်းငယ်သာ တင်ပို့ရောင်းချလျက်ရှိကြောင်း ရွှေဘိုမြို့ စည်ပင်သာယာ ဈေးအတွင်းရှိ ပွဲရုံတစ်ခုမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)