ကျိုက်ထိုမြို့နယ်၌ ဈေးကွက်အတွင်းရှိ စည်သွပ်ဘူးအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ၂၄.၅.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ မိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးပြည့်မီသော စားသောက် ကုန်များကို စားသုံးနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ဈေးများနှင့် ကုန်စုံဆိုင်ကြီးများတွင် ရောင်းချနေသော စည်သွပ်ဘူးအမျိုးမျိုး (ငါးသေတ္တာဘူး၊ အသားဘူးနှင့် ဟင်းသီးဟင်းရွက် ဘူးများ) အား သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးမှုကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စားသုံးသူမိဘပြည်သူများ နစ်နာမှုမရှိစေရန်အတွက် စည်သွပ်ဘူးများပေါ်တွင် သက်တမ်းကုန်ဆုံးမည့်ရက်စွဲများ ကျော်လွန်ခြင်း ရှိ/မရှိ၊ စားသုံး သူကာကွယ်ရေးဥပဒေနှင့်အညီ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တွဲလျက်ဖြစ်စေ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ၊မရှိ၊ စည်သွပ် ဘူးများ လေခိုပြီး ဖောင်းကြွနေခြင်း၊ ချိုင့်ခွက်ပျက်ဆီးနေခြင်းနှင့် သံချေး တက်နေခြင်းများ ရှိ၊မရှိ၊ သက်ဆိုင်ရာ အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၏ ထောက်ခံချက် ပါရှိခြင်း ရှိ၊မရှိ စသည်တို့ကို အဓိကထား စစ်ဆေးခဲ့ကြပါသည်။

          စစ်ဆေးရေးအဖွဲ့သည် လုပ်ငန်းရှင်များနှင့် ဆိုင်ပိုင်ရှင်များအား ဥပဒေပါ ပြဠာန်း ချက်များကို လိုက်နာရန်နှင့် အန္တရာယ်ရှိသော သက်တမ်းကုန်ဆုံးနေသော ကုန်စည်များကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း မပြုကြရန်များအား အသိပညာ ပေးခဲ့ကြောင်း သိရသည်။

     DOCA (မွန်)