မြေပဲ စိုက်ပျိုး၍ တောင်သူများဝင်ငွေတိုး

Powered by Drupal

        ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ဆီထွက်သီးနှံများဖြစ်သော မြေပဲနှင့်နှမ်းကို အဓိကထား၍ စိုက်ပျိုးကြပြီး ယခုအခါတွင် စားသုံးဆီဖူလှုံရန်အတွက် နေကြာကိုစိုက်ပျိုးကြပါသည်။ ဆီထွက် သီးနှံတစ်မျိုးဖြစ်သော မြေပဲမှာ မိုးမြေပဲနှင့် ဆောင်းမြေပဲဟူ၍ (၂)မျိုးရှိပြီး ယခုအချိန်တွင် စကမြေပဲကိုလည်း စိုက်ပျိုးကြောင်း သိရှိရပါသည်။ မိုးမြေပဲကို မေလနှင့် ဇွန်လတွင် စိုက်ပျိုးပြီး စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းပါသည်။ ဆောင်းမြေပဲကို စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် စိုက်ပျိုးပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လတို့တွင် ရိတ်သိမ်းပါသည်။ စကမြေပဲကို ဩဂုတ်လလယ်တွင် စိုက်ပျိုး၍ နိုဝင်ဘာလကုန်၊ ဒီဇင်ဘာလဆန်းတွင် ရိတ်သိမ်းပါသည်။

      မြေပဲကို အဓိကစားသုံးမှုမှာ ဆီကြိတ်ခွဲ၍ စားသုံးကြသဖြင့် လူကြိုက်များသည့် ဆီဖြစ်ပါ သည်။ ထို့အပြင် အခြားမုန့်ပဲသရေစာများ ပြုလုပ်၍ဖြစ်စေ၊ မြေပဲလှော်၊ မြေပဲကြော် နှင့် မြေပဲယိုများ လည်းပြုလုပ်၍ စားသုံးကြသဖြင့် ပြည်တွင်းစားသုံးမှုတွင်အရေးပါသော သီးနှံဖြစ်ပါသည်။ ပြည်ခရိုင်အနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးမြေပဲစိုက်ဧကမှာ ၃၇၉၅၃ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧက အထွက်နှုန်းအနေဖြင့် ၅၉တင်းကျော်ထွက်ရှိပါသည်။ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိုးမြေပဲ စိုက်ဧကမှာ ၅၃၁၈၅ ဧက စိုက်ပျိုးခဲ့ပြီး အထွက်နှုန်းအနေဖြင့် ၅၉တင်းကျော် ထွက်ရှိသဖြင့် ယခုနှစ်နှင့် အထွက်နှုန်း တူနေခဲ့ပါသည်။ စိုက်ဧကမှာ ယခုနှစ်တွင်နည်းသွားသော်လည်း ဈေးနှုန်းများ မြင့်တက်လာသဖြင့် တောင်သူများလည်းတွက်ခြေကိုက်သော သီးနှံဖြစ်ပါသည်။ စိုက်ပျိုးသည့်မျိုးများမှာ စပိန်မျိုး၊ ရေဆင်းမျိုး၊ တွန်တာနီ၊ ဆင်းပဒေသာ၊ မကွေးပင်ပြန့်မျိုးနှင့် မကွေးမျိုးတို့ဖြစ်ပါသည်။ မျိုးရွေးချယ် ရာတွင် အပင်ပေါက် ၈၀ရာခိုင်နှုန်း အထက်ရှိသော မြေပဲမျိုးကို ရွေးချယ်၍ စိုက်ပျိုးသင့်ပါသည်။ မြေပဲစိုက်ပျိုးမှုမှာ တစ်ဧကလျှင် မျိုး(၆)တင်းနှုန်းကုန်ကျသည်ဟု သိရှိရပါသည်။ စိုက်ပျိုးသည့် မြေ အမျိုအစားမှာ နုန်းမြေ၊ သဲနုန်းမြေတို့တွင် စိုက်ပျိုးရန်အသင့်တော်ဆုံးဖြစ်ပါသည်။ မြေပဲတစ်ဧက စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် ၃၈၀၀၀၀ကျပ် ကျော်ကုန်ကျပြီး မြေပဲတောင့် ဈေးမှာ တစ်တင်းလျှင် ၁၃၀၀၀ကျပ်ဈေးရှိ၍ တစ်ဧကဝင်ငွေမှာ ၇သိန်းကျော်ရရှိပြီး တောင်သူအကျိုး အမြတ်အနေဖြင့် ၃၄၀၀၀၀ကျော်ရရှိသည်ဟု သိရှိရပါသည်။ မြေပဲများနှုတ်သိမ်းချိန်တွင် အလေအလွင့်မရှိအောင် ဂရုစိုက်ရပြီး နှုတ်သိမ်းချိန် နောက်ကျပါက  မြေပဲနှုတ်ရခက်ပြီး အတောင့်များ ပြုတ်ကျန်မည်ဖြစ်ပါသည်။ နှုတ်သိမ်းချိန်စောပါကလည်း အတောင့်ထဲတွင် ရေများဝင်၍ နေကြာကြာ လှန်းရသဖြင့် ဆီထွက်နှုန်း နည်းမည်ဖြစ်ပါသည်။ ထွက်ရှိလာသော မြေပဲတောင့်များကို ၄ရက် ၅ရက်ခန့်နေလှန်းအခြောက်ခံပြီး ခွဲ၍ ထွက်ရှိလာသော မြေပဲဆန်များကို ပွဲရုံများသို့ တင်ပို့ရောင်းချပြီး ဒေသတွင်းစားသုံးကြသလို ရန်ကုန်၊ မန္တလေးသို့ တင်ပို့ ရောင်းချကြပါသည်။

        မြေပဲစိုက်ပျိုးသူတောင်သူများအနေဖြင့် မျိုးကောင်း၊ မျိုးသန့်များရွေးချယ်စိုက်ပျိုးပြီး  အထွက်နှုန်း ပိုမိုထွက်ရှိ၍ ဈေးကောင်းများရရှိမည်ဆိုလျှင် အကျိုးအမြတ် ပိုမိုဖြစ်ထွန်းမည် ဖြစ်ကြောင်း လေ့လာတင်ပြအပ်ပါသည်။

DOCA(ပဲခူး)