လိမ္မော်သီးကို ကယားပြည်နယ်အတွင်းရှိ ဘောလခဲမြို့နယ် လွိုင်ဝိန်ကျေးရွာ၊ ဝမ်မလန်ကျေးရွာတို့တွင် လည်းကောင်း၊ ဖရူဆိုမြို့နယ် မူဆိုကျေးရွာတွင်လည်းကောင်း၊ ဒီးမော့ဆိုမြို့နယ် လွိုင်နန်းဖကျေးရွာတို့တွင် မိသားစုအပိုဝင်ငွေရရန်အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ဆောင်းဝင်စအချိန်တွင် ရောင်းချနိုင်သော ရာသီပေါ်သီးနှံတစ်မျိုးဖြစ်ပါသည်။ ဈေးကွက်အတွင်းရောင်းချသောလိမ္မော်သီးမှာ ရှမ်းပြည်နယ်အတွင်းရှိ ပင်လောင်း၊ အောင်ပန်းနှင့် ကလော အစရှိသည့်ဒေသများမှ မှာယူတင်သွင်းကြပြီး ယခုဒီဇင်ဘာလတတိယပတ် ဈေးကွက်အတွင်း၌ လိမ္မော်သီးအလုံး သေးတစ်ပိဿာ (၁၅၀၀)ကျပ်၊ လိမ္မော်သီးအလုံးလတ်တစ်ပိဿာ (၂၀၀၀)ကျပ် ၊ အလုံးကြီးတစ် ပိဿာ (၂၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ ယခင် နိုဝင်ဘာလတတိယပတ်တွင် လိမ္မော်သီး အလုံးသေးတစ်ပိဿာ(၂၅၀၀)ကျပ်၊ လိမ္မော်သီးအလုံးလတ်တစ်ပိဿာ (၃၄၀၀)ကျပ်၊ လိမ္မော်သီး အလုံးကြီးတစ်ပိဿာ (၃၈၀၀)ကျပ်ဖြင့် ရောင်းချခဲ့ပြီး ယခင်နိုဝင်ဘာလတတိယပတ်နှင့် ယခုဒီဇင်ဘာ လတတိယပတ် နှိုင်းယှဉ်လျှင် လိမ္မော်သီးအလုံးသေး တစ်ပိဿာလျှင်(၁၀၀၀)ကျပ်၊ အလုံးလတ် တစ်ပိဿာလျှင် (၁၄၀၀)ကျပ် ၊ အလုံးကြီးတစ်ပိဿာလျှင် (၁၃၀၀)ကျပ် ဈေးနှုန်းကျဆင်းလာကြောင်း၊ ဈေးနှုန်းကျဆင်းရခြင်းမှာ ဈေးကွက်အတွင်း လိမ္မော်သီးများ အများအပြားဝင်ရောက်လာသောကြောင့်ဖြစ်သည်ဟု နောင်ယားဈေးတွင် လိမ္မော်သီးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(ကယား)