
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမျိုးတင့်ဇော် ဦးဆောင်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ခရိုင်ပဲကြော်လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်းအခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမျိုးတင့်ဇော်က အသင်းဖွဲ့စည်းခြင်းအားဖြင့် ပဲကြော်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေမှာဖြစ်ပါကြောင်း၊ လုပ်ငန်းနှင့် ပတ်သက်ပြီး အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့ရပါကလည်း အသင်းအဖွဲ့အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဖြေရှင်းပေးနိုင်မှာဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များလည်း ပဲကြော်အသင်းများ ဆက်လက်ဖွဲ့စည်းမှာဖြစ်ပြီး၊ ခရိုင်အသင်းများအချင်းချင်း အပြန်အလှန်သတင်းဖလှယ်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်းများ ပြုလုပ်နိုင်မှာဖြစ်သဖြင့် လုပ်ငန်းရှင်များမှာ တစ်ဦးတည်းလုပ်ကိုင်ဆောင် ရွက်မည့်အစား အသင်းအဖွဲ့ဖြင့် ဆောင်ရွက်ပါက စစ်ကိုင်းတိုင်းဒေသကြီးအတွက် စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်မှာဖြစ်ပါကြောင်းနှင့် အသင်းအတွက် ကောင်းမွန်တဲ့အကြံဉာဏ်များ ပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်တာဝန်ခံမှလည်း အသင်း၏ ရည်ရွယ်ချက်များ၊ စည်းကမ်းချက်များနှင့်ပတ်သက်ပြီးရှင်လင်းပြောကြားခဲ့ပါကြောင်း၊ အသင်းအား မဂဏန်းဖြင့် ဖွဲ့စည်းရမည်ဖြစ်ပါကြောင်းပြောကြားခဲ့ရာ အသင်းကို ဥက္ကဌ၊ ဒု- ဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်နှင့် အမှုဆောင် စုစုပေါင်း အသင်းသား ( ၁၉ )ဦးတို့ ဖြင့် ဖွဲ့စည်း၍ ခရိုင်ပဲကြော်အသင်းဖွဲ့စည်းခြင်းအခမ်းအနားအား နေ့လယ် ( ၁၄း၃၀ ) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
