“ ပြင်ဦးလွင် ပန်းပွဲတော်နှင့်ပန်းစျေးကွက်”

Powered by Drupal

    ပြင်ဦးလွင်မြို့သည် တောင်ပေါ်မြို့လေးဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ကာ ပြည်တွင်း၊ပြည်ပခရီးသွားများ အမြဲမပြတ်လာရောက်လေ့လာလည်ပတ်လျက်ရှိပါသည်။မြို့နယ် အတွင်းရှိတောင်သူများသည် ဟင်းသီးဟင်းရွက် ၊ သစ်သီးဝလံ နှင့် နှစ်ရှည်သီးနှံ ပန်းမာလ်များ စိုက်ပျိုးကြပြီး တစ်နိုင်ငံလုံးအတွက် ပန်းမန်များ အများဆုံး စိုက်ပျိုးတဲ့မြို့လေးဖြစ်ပါသည် ။ ၄င်းသီးနှံများအား မြန်မာနိုင်ငံအနှံ့မြို့ကြီးများသို့ တင်ပို့ရောင်းချသည့်အထဲတွင် ပန်းမန်ကတော့ အဓိကဒေသထွက်ကုန်တစ်မျိုးအနေဖြင့် တင်ပို့နေကြတာတွေ့ရှိရပါသည်။

       မြို့နယ်တွင် ပန်းစိုက်ဧက(၃၃၀၅)ဧကရှိပြီး  မိုးပန်း နှင့် ဆောင်းပန်းဟူ၍(၂)မျိုးခွဲ၍ စိုက်ပျိုး ကြပြီး မိုးပန်းစိုက်ဧက(၁၃၇၈)ဧက နှင့် ဆောင်းပန်းစိုက်ဧက(၁၉၂၇)တို့ဖြစ်ပါသည် ။ စိုက်ပျိုးသည့် ပန်းအမျိုးအစားများမှာ ဂန္ဓမာ(ကီလို)၊ အက်စတာ(မေမြို့ပန်း)၊ သစ္စာပန်း(ဟော်လန်)တို့ကို အဓိက ထားစိုက်ပျိုးပြီး ပန်းတိမ်ငို၊လီလီတို့ကို အနည်းငယ်စိုက်ပျိုးကြပါသည်။ ယခု ဒီဇင်ဘာလအတွင်း ပန်းစျေးကွက်တွင် ပန်းအမျိုးအစားအလိုက် (အနိမ့်ဆုံးနှင့်အမြင့်ဆုံး)စျေးနှုန်းများမှာ ဂန္ဓမာ(ကီလို) လက်ဆုတ်စည်း တစ်စည်းလျှင်(၁၇၀၀-၂၅၀၀)ကျပ် ၊ အက်စတာ(မေမြို့ပန်း) လက်ဆုပ်စည်း တစ်စည်းလျှင်(၈၀၀-၁၂၀၀)ကျပ်၊ သစ္စာပန်း ၅ပင်စည်းတစ်စည်းလျှင်(၄၅၀-၆၅၀)ကျပ်စျေးနှုန်းဖြင့် ရောင်းဝယ်ကြပါသည်။

       ပန်းအမျိုးအစားအလိုက် တစ်ဧကအထွက်နှုန်းများမှာ ဂန္ဓမာ(ကီလို) လက်ဆုပ်စည်း အစည်းရေ(၄၀၀၀)စည်း၊အက်စတာ(မေမြို့ပန်း)လက်ဆုပ်စည်းအစည်းရေ(၅၀၀၀)စည်း၊သစ္စာပန်း ၅ပင်စည်းအစည်းရေ(၁၂၀၀၀)စည်းထွက်ရှိပြီး တစ်ဧကကုန်ကျစရိတ်မှာ ဂန္ဓမာ (ကီလို) (၃၇၀၀၀၀၀- ၄၂၀၀၀၀၀)ကျပ်၊ အက်စတာ(မေမြို့ပန်း)(၂၀၀၀၀၀၀-၂၅၀၀၀၀၀)ကျပ်၊ သစ္စာပန်း (ဟော်လန်) (၂၃၀၀၀၀၀-၂၉၀၀၀၀၀)ကျပ်အထိ ကုန်ကျစရိတ် ရှိပါသည်။

     ပန်းစျေးကွက်အနေဖြင့် ရန်ကုန်သီရိမင်္ဂလာပန်းစျေး နှင့် မန္တလေးသီရိမန္တလာ ပန်းစျေးသို့ အဓိကတင်ပို့ပြီး အခြားပြည်တွင်းရှိ မြို့ကြီးများသို့လည်းတင်ပို့ရောင်းချကြပါသည် ။ နေ့စဉ်(၁၂)ဘီး ကားကြီးများဖြင့် တစ်လလျှင် ပန်းမန်တန်ချိန်(၁၉၈၀)တင်ပို့လျက်ရှိပြီး ပန်းထွက်ကာလ(၇)လ ဖြင့်တွက်လျှင် ပန်းမန်တန်ချိန်(၁၃၈၆၀)တန်အား နှစ်စဉ်တင်ပို့ရောင်းချလျက်ရှိပါသည်။

  ပြင်ဦးလွင်မြို့တွင် နှစ်စဉ်ဒီဇင်ဘာလသို့ရောက်လျှင် ကန်တော်ကြီးရုက္ခဗေဒဥယျာဉ်တွင် ပန်းပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာကျင်းပလာသည့် အစဉ်အလာရှိပါသည်။ယခုနှစ်တွင်လည်း ပန်းပွဲတော်ကြီးကို ဒီဇင်ဘာလ(၁၅)ရက်နေ့မှ စတင်ကာ ဇန်နဝါရီလ(၁၅)ရက်နေ့အထိ ဒေသထွက် ပန်းမျိုးများအပြင် ပြည်ပနိုင်ငံများမှ ပန်းမန်မျိုးစိတ်ပေါင်းများစွာဖြင့် ခင်းကျင်းပြသသွားမည်ဖြစ် ကြောင်းသိရှိရ၍ ပြင်ဦးလွင်မြို့သည် ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်များဖြင့်စည်ကားနေပြီး ဒေသထွက်ပန်းမန်များ၊ဒေသထွက်ဝိုင်နှင့် ယိုစုံလုပ်ငန်းများ၊ဒေသထွက်ဆွယ်တာလုပ်ငန်းများရောင်းဝယ်မှုအားကောင်းတော့မည်ဖြစ်ကြောင်းကို ပြင်ဦးလွင်မြို့၏ ပန်းပွဲတော်ကြီးနှင့်အတူ လက်ရှိ ဖြစ်ပေါ်နေသောဒေသထွက်ပန်းစျေးကွက်အခြေအနေကို ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)