ပုသိမ်မြို့ ဆန်/စပါးစျေးကွက်နှင့် အခြားဒေသစီးထွက်မှု အခြေအနေ

Powered by Drupal

          ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ဆန်/စပါးစျေးကွက်တွင် ဒီဇင်ဘာလ ဒုတိယပတ် မိုးပေါ်ဆန်းစပါးသစ် တင်း ၁၀၀ လျှင် ကျပ် ၁၆ သိန်းခွဲ၀န်းကျင်၊ ဆန် (၁)အိတ် ကျပ် ၅၄၀၀၀/၅၅၀၀၀ စျေး၊ မိုးမနောသုခစပါးသစ် တင်း ၁၀၀ လျှင် ကျပ် ၁၂ သိန်းခွဲ၀န်းကျင် ဆန် (၁)အိတ်ကိုကျပ် ၄၁၀၀၀/၄၂၀၀၀ စျေးနှင့် ရောင်း၀ယ်လျှက်ရှိပြီး စပါးသစ်ပေါ်ချိန် အောက်တိုဘာလကုန်နှင့် နို၀င်ဘာလတွင် အင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့လျှက်ရှိသော ပုသိမ် စက်မှုမြို့တော် မြို့တွင်းစျေးကွက်၀ယ်လိုအားရှိပြီး စျေးကွက်မှာ အရောင်းအ၀ယ်သွက်လျှက် ရှိသော်လည်း ယခုဒီဇင်ဘာလတွင် ဆန်သစ် အရောင်းအ၀ယ်ပုံမှန်သာရှိကြောင်း စျေးကွက်မှ သိရသည်။

          လက်ရှိ စျေးကွက်တွင် ဆန်သစ်စားသုံးမှု အနည်းငယ်သာရှိပြီး စားသုံးသူများ ကြိုက်နှစ်သက်မှုရှိသော ဆန်အဟောင်းများ စျေးကောင်းရလျှက် ယခင်နှစ် လက်ကျန် ဆန်ဟောင်းပေါ်ဆန်း (၁)အိတ် ကျပ် ၆၈၀၀၀၊ သီးထပ်ရင် ဆန် (၁)အိတ် ကျပ် ၄၇၀၀၀ နှင့် ဆင်းသုခဆန် (၁)အိတ် ကျပ် ၄၈၀၀၀/၄၉၀၀၀ ဖြင့် အရောင်းအ၀ယ်ဖြစ်နေကြောင်း စျေးကွက် မှ သိရသည်။

          ဧရာ၀တီတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ အောက်တိုဘာလတွင် ရန်ကုန်မြို့သို့ အိတ်ရေ ၇၉၄၂၃၅၊ မကွေးမြို့သို့အိတ်ရေ ၂၆၀၀၀၊ တနင်္သာရီတိုင်းသို့ အိတ်ရေ ၈၀၀၀ စုစုပေါင်းအိတ်ရေ ၈၂၈၂၃၅ တင်ပို့နိုင်ခဲ့သော်လည်း နို၀င်ဘာလတွင် ရန်ကုန်မြို့သို့ အိတ်ရေ ၉၉၉၄၇၁ နှင့် တနင်္သာရီတိုင်းသို့အိတ်ရေ ၁၇၀၀၀ စုစုပေါင်းအိတ်ရေ ၁၀၁၆၄၇၁ တင်ပို့ခဲ့ပြီး နို၀င်ဘာလတွင်အိတ်ရေ ၁၈၈၂၃၆ ပိုမိုတင်ပို့ နိုင်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)