
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်ဥက္ကဌ ပြည်ထောင်စုဝန်ကြီးက စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များ အောင်မြင်စေရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာမူဝါဒများနှင့် အစီအမံများချမှတ်နိုင်ရေးတို့အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ (၂/၂၀၂၆)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၃၀.၆.၂၀၂၆) ရက်နေ့၊နံနက်(၀၉:၃၀)နာရီအချိန်တွင် Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပခုက္ကူခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ “မြဧရာ(၂)”အစည်းအဝေးခန်းမ၌ ခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဌ၊ အဖွဲ့ဝင် (၄)ဦး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း(၅)ဦး၊ စုစုပေါင်း(၉)ဦး Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရပါသည်။
ကော်မရှင် ဥက္ကဌက အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတော်မူဝါဒများနှင့်အညီ လိုက်လျောညီ ထွေစွာပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက် များကိုကော်မရှင်၊ ကော်မတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ခရိုင်စားသုံးသူရေးရာ ကော်မတီများမှ စိတ်အားထက်သန်စွာ လုပ်ကိုင်ဆောင်ရွက်နေခြင်းကို သိရှိရ၍ ဝမ်းမြောက်ကြောင်း၊ ကော်မရှင်အတွင်းရေးမှူးက မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၁/၂၀၂၆)၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေတင်ပြခြင်း၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်း၊ အမှာစာများ ဖတ်ကြားတင်ပြခြင်းနှင့် ဥက္ကဌက အမှာစာများအပေါ် အဆုံးအဖြတ်ပေးခြင်း၊ ကော်မရှင်အဖွဲ့ဝင်များက ကဏ္ဍအလိုက် အသီးသီးဆွေးနွေးခြင်းနှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ် စားသုံးသူရေးရာကော်မတီ ဥက္ကဌများက စားသုံးသူကာကွယ်ရေး လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများအား တင်ပြခဲ့ကြောင်း သိရပါသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်စကားပြောကြားရာတွင် စားသုံးသူကာကွယ် ရေးလုပ်ငန်းများ လုပ်ဆောင်ရာ၌ ဌာနမှဝန်ထမ်းများက စွမ်းဆောင်မှုမြင့်မားစေရန် မိမိဌာန၏ ဥပဒေ၊ နည်းဥပဒေနှင့် ဆက်စပ်ဌာနများ၏ ဥပဒေများအား လေ့လာမှတ်သား၍ ထိရောက်စွာ အသိပညာပေး ရန်လိုအပ်ကြောင်း၊ အကြိမ်အရေအတွက်ထက် အရည်အသွေးပြည့်ဝစေရန် စဉ်ဆက်မပြတ်လေ့လာ ဆည်းပူးရန်လိုအပ်ကြောင်း၊ လုပ်ငန်းရှင်တွေ့ဆုံခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ နစ်နာမှုများ ဖြေရှင်းပေးခြင်းများကို ဆောင်ရွက်နေရသော အမှုထမ်း၊ အရာထမ်းများက ဥပဒေပြဌာန်းချက်များနှင့် အညီ ဆွေးနွေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လုံခြုံမှုများပေးနိုင်ရေး အလေးထားဆောင်ရွက်ခြင်းဖြင့် စားသုံးသူများအား လုံခြုံမှုအပြည့်အဝပေးနိုင်ရေး ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
