ဆားလင်းကြီးမြို့နယ်သည် မုံရွာမြို့၏ အနောက်ဖက်ကမ်းတွင်တည်ရှိပြီး ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများအပြင် ဆောင်းကြက်သွန်နီကိုပါ အဓိကစိုက်ပျိုးသော ဒေသတစ်ခုဖြစ်ပြီး နှစ်စဉ် ဆောင်းကြက်သွန်နီဧက (၃၈၀၀) ဝန်းကျင်ခန့်ပုံမှန်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဧက (၃၅၀၀)ကျော် စိုက်ပျိုးရန် လျာထားပြီးဧက (၂၀၀၀) ကျော်ခန့် စိုက်ပျိုးပြီးကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရ သိရှိရသည်။
အဆိုပါ ဒေသတွင်း၌ ယခုနှစ် ကြက်သွန်ပျိုးထောင်းချိန် မိုးရွာသွန်းမှုများခဲ့သည့်အတွက် ပျိုးခင်းများပျက်စီးခဲ့ရပြီး ပျိုးခင်းများထပ်မံ ပျိုးထောင်ရသည့်အတွက် ယခင်နှစ်များကထက် ရက်အနည်းငယ်နောက်ကျခဲ့ကြောင်း ဒေသခံတောင်သူများထဲမှ သိရှိရသည်။ ယခုနှစ်တွင်ကြက်သွန်ပျိုးပင်များ လုံလောက်မှုမရရှိသည့်အတွက် အခြားဒေသများမှ ပျိုးပင်များဝယ်ယူစိုက်ပျိုးနေရကြောင်း၊ ပျိုးပင်တစ်ဘောင်(၂ × ၁၂) တောင်လျှင်( ၅၀၀၀၀) ကျပ် ပေါက်ဈေးရှိပြီး တစ်ဧက ပျိုးပင်ဖိုး ကျပ်(၃၀၀,၀၀၀) ကျော်အထိ ဝယ်ယူစိုက်ပျိုးနေရကြောင်းဒေသခံ တောင်သူများထံမှ သိရှိရသည်။
ပုံမှန်အားဖြင့် ကြက်သွန်စိုက်တောင်သူအများစုမှာ နိုဝင်ဘာလကုန်ပတ်တွင် စတင်စိုက်ပျိုးနိုင်ကြသော်လည်း ပျိုးပင်အခက်အခဲကြောင်း ယခုနှစ်တွင်ရက်အနည်းငယ် နောက်ကျခဲ့ကြောင်း ပျိုးပင်ဈေးနှုန်းကြီးခြင်းနှင့် သွင်းအားစုဈေးနှုန်းများ အဆမတန်မြင့်တက်နေသည့်အတွက် တစ်ဧက ကုန်ကျစရိတ် ပိုမိုမြင့်တက်မည်ဖြစ်ကြောင်းနှင့် အချို့သောတောင်သူငယ်များ စိုက်ပျိုးနိုင်ခြင်း မရှိသလို အချို့သောတောင်သူများ စိုက်ဧကလျော့နည်းစိုက်ပျိုးကြကြောင်းလည်းသိရှိရသည်။
ကြက်သွန်စိုက်တောင်သူအများစုမှာ လက်ရှိကြက်သွန်ဈေးကွက် ကောင်းမွန်နေသည့် အတွက် ကြက်သွန်ထွက်ပေါ်ချိန် ဈေးကွက်ကောင်းရရှိနိုင်မည့် မျှော်လင့်ချက်ဖြင့် စိုက်ပျိုးနေရကြောင်း၊ လက်ရှိဈေးကွက်အတွင်း၌ မိုးကြက်သွန်နီအသစ် တစ်ပိဿာ(၃၅၀၀)ကျပ်ဝန်းကျင်နှင့် ကြက်သွန်နီ (အဟောင်း) တစ်ပိဿာ(၅၀၀၀) ကျပ်ဝန်းကျင်ခန့် ပေါက်ဈေးရရှိနေသည့်အတွက် လာမည့်ကြက်သွန်ပေါ်ချိန် ဈေးကောင်းရရှိနိုင်မည့် မျှော်လင့်ချက်ဖြင့် ရာသီအမီ စိုက်ပျိုးလျက်ရှိကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။
DOCA(စစ်ကိုင်း)