ဖြူးမြို့ အုတ်ကျင်းကျေးရွာမှ တပိုင်တနိုင် ပဲပင်ပေါက်လုပ်ငန်း

Powered by Drupal

             ဖြူးမြို့နယ်၊ ဖြူးအရှေ့ကျေးရွာအုပ်စု၊ အုတ်ကျင်းကျေးရွာမှ တပိုင်တနိုင် ပဲပင်ပေါက် လုပ်ငန်းသည် ဖြူးနှင့်အနီးတဝိုက်မြို့နယ်များသို့ ပို့ပေးရသည့် အောင်မြင်သည့် စီးပွားရေးလုပ်ငန်း ဖြစ်ပြီး ရာသီတိုင်း ဝင်ငွေရလျှက်ရှိပါသည်။ ပဲပင်ပေါက်ဖောက်ရာတွင် ပဲနောက်ကို အသုံးပြုရ ပါသည်။ ပဲနောက် တစ်ပြည်ကို ၄၀၀၀ ကျပ်ခန့် ပေးဝယ်ရပါသည်။ တစ်ရက်ရောင်းချရန်အတွက် ပဲနောက် ၄ ပြည်အသုံးပြုရပါသည်။ ပဲနောက် တစ်ပြည်လျှင် ပဲပင်ပေါက် ၈ ပိဿာခန့်ရပါသည်။

              ပဲပင်ပေါက်ပြုလုပ်မှုအနေဖြင့် ပထမဦးစွာ ပဲနောက် ၄ ပြည်ကို မနက်မိုးမလင်းမီ ရေဖြင့် စင်ကြယ်စွာဆေးကြောသန့်စင်ပြီး သန့်ရှင်းသောရေဖြင့် ၁၂ နာရီခန့် စိမ်ထားရပါသည်။ ညနေခင်း တွင် ဖြူးချောင်းသဲကျင်း၌ ဖြန့်ထားပြီး ၃ ရက်မှ ၄ ရက်ခန့်ကြာလျှင် စားသုံးနိုင်သည့် ပဲပင်ပေါက်ကို ရရှိပါသည်။ အေးသောရာသီတွင် ၅ ရက်ခန့်အထိ ထားနိုင်ပါသည်။ ညနေတိုင်းရေလောင်းပေးရ ပါသည်။ ပဲပင်ပေါက်သည် အသန့်ကြိုက်ပြီး နူးညံ့လွန်းသဖြင့် ကိုင်တွယ်ရာတွင် လက်ကို သန့်ရှင်း စင်ကြယ်အောင် ဆေးကြောရပါသည်။

              ပဲပင်ပေါက် တစ်ပိဿာကို ၂၅၀၀ ကျပ်ဖြင့် ဖြူးမြို့စည်ပင်သာယာဈေးနှင့် အခွန်လွတ် ဈေးများတွင် ရောင်းချကြောင်း၊ အခါအားလျော်စွာ အလှူ၊ မင်္ဂလာပွဲများမှ မှာလျှင် ပိဿာချိန် ၅၀ ခန့်အထိ ပြုလုပ်ပေးရကြောင်း၊ ဖြူးချောင်းကို အမှီပြုက ပဲပင်ပေါက်အပြင် အခြားဟင်းသီးဟင်း ရွက်များကိုလည်း စိုက်ပျိုးလျှက်ရှိကြောင်း အုတ်ကျင်းကျေးရွာမှ ပဲပင်ပေါက်ထုတ်လုပ်ရောင်းချသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)