
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး/ချောက်ခရိုင်တာဝန်ခံ ဒေါ်တင်တင်လှ (လက်ထောက်ညွှန်ကြားရေးမှူး)သည် (၉.၇.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များဝယ်ယူနိုင်ရန်အတွက် အစားအသောက် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများဖြစ်သည့် စားသောက်ဆိုင်များသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စားသောက်ဆိုင်ရောင်းချသူတာဝန်ခံများနှင့် တွေ့ဆုံ၍ လုပ်ငန်းတွင် အစားအသောက်ချက်ပြုတ်သူများ၊ အစားအသောက်ဝန်ဆောင်မှုပေးသူများ၏ ကျန်းမာရေး၊ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိ/ မရှိ၊ အစားအသောက်ချက်ပြုတ်ရန်နေရာများ သန့်ရှင်းမှုရှိ/ မရှိနှင့် အမှိုက်ပုံးထားရှိစွန့်ပစ်မှုများ၊ အစားအသောက်ချက်ပြုတ်ရာတွင် ပါဝင်သည့် ဟင်းသီးဟင်းရွက်၊ အသား/ငါးများ သန့်ရှင်းလတ်ဆတ်မှုရှိ/ မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၁၃)၊ ပုဒ်မ (၂၆)(၂၇)ပါ ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များ ကြိုတင်အသိပေးခြင်း၊ မှန်ကန်၍ ပြည့်စုံသော ဝန်ဆောင်မှုအဆင့်အတန်းနှင့် အညီဖြစ်ခြင်း၊ လိုအပ်ချက်နှင့်ကိုက်ညီခြင်း၊ သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးဆောင်ရွက်ပေးခြင်း၊ သဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်းပေးအပ်စေခြင်း၊ ပျက်ကွက်မှုအတွက် လျော်ကြေးပေးစေခြင်း၊ စားသုံးသူ၏ နစ်နာမှုအတွက် ကုစားခွင့်ပေးစေခြင်းတို့ကို ရှင်းလင်းဆွေးနွေး၍ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပြီး ဌာနမှ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
