ပြည်ခရိုင်မိုးစပါးဈေး အနည်းငယ်ကျ

Powered by Drupal

      ယခုဒီဇင်ဘာလ ဒုတိယပတ်တွင် ပြည်ခရိုင် မိုးစပါးဈေးကွက်အနေဖြင့် ပြည်မြို့နယ်တွင် ၇၄၆၄၂ဧက စိုက်ပျိုးပြီး ၅၉၈၈၇ ဧက ရိတ်သိမ်းပြီးဖြစ်ပါသည်။ ပေါက်ခေါင်းမြို့နယ်အနေဖြင့် ၄၆၇၁၇ ဧကစိုက်ပျိုးပြီး ၃၅၀၃၉ဧက ရိတ်သိမ်းပြီးဖြစ်ပါသည်။ ပန်းတောင်းမြို့နယ်တွင် ၄၉၉၃၄ ဧက စိုက်ပျိုးပြီး ၄၃၁၅၃ ဧကရိတ်သိမ်းပြီး၍ ရွှေတောင်မြို့နယ်တွင် ၅၈၁၆၃ဧက စိုက်ပျိုးပြီး ၃၄၉၈၉ ဧက ရိတ်သိမ်းပြီးဖြစ်ပါသည်။ အထွက်နှုန်းအနေဖြင့် မြို့နယ်အလိုက် တစ်ဧကလျှင် ပျမ်းမျှ (၇၀)တင်းခန့် ထွက်ရှိကြောင်း သိရှိရပါသည်။

      ပြည်ခရိုင်အနေဖြင့် မိုစပါးမှာ အခြားခရိုင်များထက် အထွက်နောက်ကျသည့်အတွက် ရိတ်သိမ်းဆဲဖြစ်ပါသည်။ ပေါက်ခေါင်းမြို့နယ်တွင် ကရင်မစပါးဈေးမှာ ၄၆ပေါင်တင်း(၁၀၀)လျှင် ၁၀ သိန်းကျပ်မှ ယခုလတွင် ၉၆၀၀၀၀ကျပ်၊ အင်းမရဲဘော် တင်း၁၀၀လျှင် ယခင်က ၁၁သိန်းကျပ်မှ ယခုလတွင် ၁၀၅၀၀၀၀ကျပ်၊ ပြည်မြို့နယ်တွင် ယခင်လက ကရင်မစပါး တင်း၁၀၀လျှင် ၁၁သိန်း ကျပ်မှ ယခု ၁၀၃၀၀၀၀ကျပ်၊ မှော်ဘီစပါးဈေးမှာ ယခင်က ၁၁၅၀၀၀၀ကျပ်မှ ယခု ၁၁သိန်းကျပ်၊ ရွှေတောင်နှင့် ပန်းတောင်းမြို့နယ်များတွင်  မှော်ဘီစပါးဈေးမှာ ယခင်လက ၁၂သိန်းကျပ်မှ ယခုတွင် ၁၁သိန်းကျပ်ဖြင့် စပါးဈေးအနည်းငယ်ကျဆင်းခဲ့ပါသည်။

      ဆန်ဈေးမှာ ကရင်မဆန် (၁၀၈)ပေါင် တစ်အိတ်လျှင် ယခင်က ၄သောင်းမှ ယခု ၃၉၀၀၀ ကျပ်၊ မှော်ဘီတစ်အိတ်လျှင် ၄၂၀၀၀ကျပ်မှ ၄သောင်းကျပ်အထိ ဈေးကျလာခဲ့ပါသည်။ ဆန်အရောင်းအဝယ်ကောင်းသည့်အတွက် စပါးဈေးများကျဆင်းခဲ့ခြင်းဖြစ်ပြီး တင်ပို့ရောင်းချမှုအနေနှင့်လည်း မိမိဒေသတွင်းသာ ရောင်းချမှုရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)