ပခုက္ကူမြို့၌ စားဖိုဆောင်သီးနှံ မိုးကြက်သွန်နီ (ခေါ်) ဥစိုက်ကြက်သွန်နီများ ဝင်ရောက်မှုအခြေအနေ

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ်ရှိ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ဆုံရာ ရေဝင်ဒေသများဖြစ်သည့် ကျွန်းထဲကျေးရွာများမှ မိုး(ဥစိုက်) ကြက်သွန်နီ များ ပခုက္ကူမြို့ရှိ အမှတ် (၁) မြို့မဈေး၏ အရှေ့တောင်ဘက် အရပ်ခေါ် ကျွန်းတန်း ကြက်သွန်နီပွဲရုံ တန်းသို့ ဥပုဒ်နေ့မှလွဲ၍ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း “စိန်ရတနာ” ပွဲရုံပိုင်ရှင် ဦးစိန်လွင်၏ ပြောပြချက်အရ သိရှိရပါသည်။

     ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ဆုံရာ ကျွန်းထဲကျွေးရွာများတွင် ပြီးခဲ့သည့် ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စိုက်ပျိုးခဲ့သည့် မိုး (ဥစိုက်) ကြက်သွန်နီများ နိုဝင်ဘာလ ဒုတိယပတ်မှစ၍ ယနေ့အချိန်ထိ ဝင်ရောက်လျက်ရှိပါကြောင်း၊ နိုဝင်ဘာလ ဒုတိယပတ်တွင် ပေါ်ဦးပေါ်စဖြစ်သည့်အတွက် တစ်နေ့လျှင် ကုန်ချိန်အဝင်ပိဿာ (၃၅၀) မှ (၅၀၀) ပိဿာခန့် ဝင်ရောက်ခဲ့ရာမှ ယခုအချိန် တွင် ကုန်ချိန်ဝင်ပိဿာ (၈၅၀၀၀) မှ (၁၅၀၀၀၀)ပိဿာခန့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ ရေစကြိုမြို့ နယ်ရှိ ကျွန်းထဲကျေးရွာများမှ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

     ဈေးနှုန်းများအနေဖြင့် အစောဆုံး ပေါ်ဦးပေါ်စအချိန်တွင် အကြီးစ တစ်ပိဿာလျှင် ကျပ် (၃၀၀၀) မှ (၂၈၀၀) နှင့် အသေးစ တစ်ပိဿာလျှင် ကျပ်(၂၇၀၀) မှ (၁၀၀၀) ဈေးနှုန်းများဖြင့် မိုး (ဥစိုက်) ကြက်သွန်နီများအနေဖြင့် ဈေးနှုန်းအဖွင့်လှခဲ့ပါကြောင်း ဈေးနှုန်းတစ်ဖြေးဖြေးတက်လာရာ ဒီဇင်ဘာ လ အစတွင် အကြီးစ တစ်ပိဿာလျှင် ကျပ်(၃၄၀၀) မှ (၃၂၀၀)နှင့် အသေးစ ကျပ်(၂၈၀၀) မှ (၁၅၀၀)ခန့်အထိ အမြင့်ဆုံးရောက်ရှိခဲ့ပါသည်။ယနေ့အချိန်တွင် ကုန်ဝင်များတစ်နေ့ထက် တစ်နေ့ ပိုမို ဝင်ရောက်လာခဲ့ရာ ဝယ်လက်များအနေဖြင့် အကြီးစ ပစ္စည်းသန့်များကို ဝယ်လိုအားကောင်းပြီး အသေးစများလျှင် ဝယ်လက်များအနေဖြင့် အကြိုက်နည်းသဖြင့် ဈေးအနည်းငယ်ချပြီး ရောင်းဝယ် လျက်ရှိပါကြောင်း ယနေ့ဈေးနှုန်းများအနေဖြင့် အကြီးစ တစ်ပိဿာလျှင် ကျပ်(၂၇၅၀) မှ (၂၆၅၀)  ခန့်နှင့် အသေးစ တစ်ပိဿာလျှင် ကျပ်(၂၅၀၀) မှ (၁၀၀၀)ခန့် ရောင်းဝယ်လျက်ရှိကြပြီး မိုး (ဥစိုက်) ကြက်သွန်နီများသည် ရေရှည် သိုလှောင်၍မရသဖြင့် မြို့နယ်တွင်းစားသုံးမှုနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ တစ်နေ့လျှင် ကုန်ချိန်ပိဿာ (၅၀၀၀၀) ခန့် တင်ပို့လျက်ရှိပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ကုန်ထိ မိုး(ဥစိုက်) ကြက်သွန်နီများ ပခုက္ကူမြို့သို့ လှိုင်လှိုင်ဝင်ရောက်လာနိုင်ကြောင်း “စိန်ရတနာ” ပွဲရုံပိုင်ရှင် ဦးစိန်လွင် ၏ ဆက်လက်ပြောပြချက်အရ သိရှိရပါသည်။

DOCA(မကွေး)