သရက်မြို့၌ မိသားစုတစ်နိုင်တစ်ပိုင်ပဲကပ်ကြော်၊ ပဲမဲကြော်လုပ်ငန်းဖြင့်ဝင်ငွေကောင်းလျက်ရှိ

Powered by Drupal

         မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၌ ပဲကပ်ကြော်၊ ပဲမဲကြော် လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်ကြသူများ မိသားစုစီးပွားရေး အဆင်ပြေပြီး ဝင်ငွေတိုးလျက်ရှိကြောင်း သိရပါသည်။ ပဲကပ်ကြော် ကြော်ရာတွင် ပထမဦးစွာ ကုလားပဲကိုည(၁၂)နာရီကြာအောင် ရေစိမ်ထားရကြောင်း၊ ရေစိမ်ပြီးသော ကုလားပဲ(၁)ပိဿာ(၅၀)ကျပ်သား ကိုရေစစ်ပြီး၊ ကြိတ်ပြီးသား ဆန်မှုန့် (၆)ပြည်၊ ပဲမှုန့် (၇၅)ကျပ်သားတို့နှင့် ရောနှောအရည်ဖျော်ပြီး ကြော်ရကြောင်း၊ နေ့စဉ် နံနက်(၀၄:၀၀)နာရီမှ (၁၄:၀၀)နာရီအထိ ကြော်ရကြောင်း၊ တစ်နေ့ပဲကပ်ကြော် ကြော်ရာတွင် ကုန်ကျငွေမှာ ကုလားပဲ(၁)ပိဿာ(၅၀)ကျပ်သားလျှင်ကျပ်၆၆၀၀၊ အကြော်ခံဆီ (၆)ပိဿာ (၅၀) ကျပ်သားအတွက်ကျပ်၃၈၃၅၀၊ ဆန်ကွဲ(၆)ပြည်ကျပ်၁၂၆၀၀၊ ပဲမှုန့်(၀.၇၅)ကျပ်သားလျှင် ကျပ်၃၆၀၀၊ ဆန်ကွဲကြိတ်ခ(၆)ပြည် ကျပ်၄၈၀၀နှင့် အချိုမှုန့် ကျပ်၃၀၀၀ကုန်ကျကြောင်း၊ ထို့အပြင် ထင်းမီး ဖြင့်ကြော်ရာတွင် ထင်းဘိုး သုံးစွဲခအနေဖြင့် ကျပ်၅၀၀၀၊ လုပ်သား(၁)ဦး ငှားရမ်းခအတွက် ကျပ် ၄၀၀၀နှင့် မြို့တွင်းသို့ဖြန့်ဖြူးရာတွင် စက်သုံးဆီသုံးစွဲခမှာ ကျပ်၅၀၀၀ဖြစ်ကြောင်း၊ ကြော်ပြီးသား ပဲကပ်ကြော်များကို ထုပ်ပိုးရာတွင်ပျော့မသွားစေရန်အတွက် လေလုံအောင် ပလတ်စတစ်အိတ် (အကြီး) ဖြင့်ထုပ်ပိုးရသဖြင့် တစ်ထုပ်လျှင် ကျပ်၅၅၀ဖြင့် ၆ထုပ်လျှင်ကျပ်၃၃၀၀ဖြစ်၍ စုစုပေါင်း ကုန်ကျငွေမှာ ကျပ်၈၆၂၅၀ကုန်ကျကြောင်း၊ တစ်နေ့လျှင် ပဲကပ်ကြော်(၁၀)ခုပါဝင်သော အထုပ် (၁၂၀)ရရှိပြီး (၁၀)ခုထုပ် တစ်ထုပ်လျှင် ကျပ်၉၀၀ဖြင့်ရောင်းရကြောင်း၊ အထုပ်ပေါင်း(၁၂၀)လျှင် ရောင်းရငွေမှာ ကျပ် ၁၀၈၀၀၀ ရရှိပြီး နေ့စဉ်အမြတ်ငွေ ကျပ်(၂၁၇၅၀) ရရှိကြောင်း၊ အလှူများရှိ၍ အော်ဒါများ လက်ခံရပါက ပို၍ကြော်ရကြောင်း သိရှိရပါသည်။

          ထို့နောက် ပဲမဲကြော်ကိုလည်းပူးတွဲကြော်ပြီးရောင်းချကြောင်း၊ ပဲမဲကြော်ပြုလုပ်ရာတွင် ပဲယင်းကိုအသုံးပြုရကြောင်း၊ ပဲမဲကြော်ပြုလုပ်ရာတွင် ပဲကိုတူးနေအောင်ပြုတ်ရပြီး ကြေညက် အောင်ထောင်း၍ ဆန်မှုန့်၊ ဆား၊ အချိုမှုန့်နှင့် ဆိုဒါတို့ဖြင့် အသင့်အတင့်ထည့်ကာ သမအောင် မွှေပြီးကြော်ရကြောင်း၊ (၂)ကြိမ်ခန့်ကြော်ရကြောင်း၊ ပထမကြော်ချိန်မှာ (၁၂)နာရီခွဲခန့် ကြာ အောင်ကြော်ရကြောင်း၊ ထို့နောက် ကြော်ပြီးသားပဲကိုပြန် ဆယ်ပြီး၊ ဒုတိယအကြိမ်ပြန်ကြော်လျှင် (၂)နာရီ(၁၅)မိနစ်ခန့်ထပ်ကြော်ရကြောင်း၊ အကြော်ခံဆီမှာ (၂)ပိဿာကုန်ကျကြောင်း၊ (၂)ကြိမ် ကြော်ပြီးလျှင် ဆီစစ်ရန်အတွက်ပဲမဲကြော်ကို ဇကာထဲသို့စောင်း၍ ထည့်ပြီး တစ်ညလုံး ဆီစစ်ထားရကြောင်း၊ တစ်နေ့လျှင် ပဲမဲကြော်အတွက်ကုန်ကျငွေမှာ ပဲယင်း(၁)ပြည်လျှင်ကျပ်၅၂၅၀၊ အကြောခံဆီ (၂)ပိဿာလျှင်ကျပ်၁၁၈၀၀၊ ဆန်မှုန့်(၁.၂၅)ပိဿာလျှင်ကျပ်၃၃၇၅၊ ဆား၊ အချိုမှုန့် ကျပ်၅၀၀နှင့် လုပ်သားငှားရမ်းခ(၁)ဦးအတွက် ကျပ်၃၀၀၀ ကုန်ကျကြောင်း၊ ထို့အပြင် ထင်းဘိုး သုံးစွဲခအနေဖြင့် ကျပ်၃၀၀၀နှင့် ကြော်ပြီးသား ပဲမဲကြော်များကိုထုပ်ပိုးရာတွင် ပျော့မသွားစေရန် အတွက်လေလုံအောင် ပလတ်စတစ်အိတ်(အလတ်)ဖြင့်ထုပ်ပိုးရသဖြင့် အိတ်ထုပ်(၁)ထုပ်လျှင် ကျပ်၄၅၀နှင့် မြို့တွင်းသို့ဖြန့်ဖြူးရာတွင် စက်သုံးဆီသုံးစွဲခမှာ ကျပ်၃၀၀၀ဖြစ်ပြီး စုစုပေါင်းကုန်ကျငွေ ကျပ်(၃၀၃၇၅)ဖြစ်ကြောင်း၊ တစ်နေ့လျှင် အခုရေ(၄၀၀)ရရှိပြီး၊(၁၀)ခုပါ(၁)ထုပ်လျှင် ကျပ်၉၀၀ ဖြင့် ရောင်းရကြောင်း၊ အထုပ်ပေါင်း (၄၀) လျှင် အမြတ်ငွေ ကျပ်၅၆၂၅ ရရှိကြောင်း၊ အော်ဒါများ လက်ခံရပါက ပိုမိုရောင်းချရကြောင်း၊ တစ်နေ့လျှင်ပဲကပ်ကြော်၊ ပဲမဲကြော်ရောင်းရသည့် အမြတ်ငွေမှာကျပ်(၂၇၃၇၅)ရရှိကြောင်းနှင့် မိသားစုတစ်စုအနေဖြင့် နေ့စဉ်စီးပွားရေး အဆင်ပြေလျက်ရှိကာ ဝင်ငွေတိုးလျက်ရှိကြောင်း၊ ပဲကပ်ကြော်ရောင်းချသည့်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်သူဇာထွန်းထံမှ သိရှိရပါသည်။

DOCA(မကွေး)