အတင်းအဓမ္မ စေခိုင်းခံရသည့် အလုပ်သမားရေးရာ စိုးရိမ်မှုများကြောင့် ထိုင်းပို့ကုန်များ အမေရိကန်၏ ပုဒ်မ ၃၀၁ အန္တရာယ်နှင့် ရင်ဆိုင်နေရ

Powered by Drupal

        အမေရိကန်နိုင်ငံသည် ၁၉၇၄ ခုနှစ် ကုန်သွယ်ရေးအက်ဥပဒေ၏ ပုဒ်မ ၃၀၁ အရ ထိုင်းကုန်ပစ္စည်းများအပေါ် ကုန်သွယ်ရေးအရေးယူမှုများ ပြုလုပ်ရန် စဉ်းစားဆောင်ရွက်နေချိန်တွင် ထိုင်းနိုင်ငံ၏ ပို့ကုန်ကဏ္ဍအတွက် အဓိက စိန်ခေါ်မှုတစ်ခုအဖြစ် တစ်ကျော့ပြန်ပေါ်ထွက်လာနေပါသည်။

        အထူးသဖြင့် ငါးဖမ်းလုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက် (supply chains) များတွင် အတင်းအဓမ္မ စေခိုင်းခံရသည့် အလုပ်သမားရေးရာ စိုးရိမ်မှုများသည် အဓိက မီးမောင်းထိုးပြခံနေရသည့် ပြဿနာများထဲတွင် ပါဝင်နေသည်။ အမေရိကန်သည် ထိုင်းနိုင်ငံ၏ အကြီးမားဆုံး ပို့ကုန်ဈေးကွက်ဖြစ်ပြီး စားသောက်ကုန်နှင့် ပြုပြင်ဆန်းသစ်ထား သော စိုက်ပျိုးရေး ထုတ်ကုန်များမှသည် အီလက်ထရွန်နစ်၊ လျှပ်စစ်ပစ္စည်းများ၊ ယာဉ်များနှင့် အပိုပစ္စည်းများ၊ ထို့ပြင် အခြားစက်မှုထုတ်ကုန်များအထိ ကုန်ပစ္စည်းအမြောက်အမြားအတွက် အရေးပါသောအခန်းကဏ္ဍတွင် ရှိနေသောကြောင့် ယခုအခြေအနေသည် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအကြား စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

        သို့သော်လည်း ပျံ့နှံ့နေသည့် သတင်းအချို့တွင် ဖော်ပြထားသကဲ့သို့ ထိုင်းကုန်ပစ္စည်းများအပေါ် အခွန် ၁၂.၅ ရာခိုင်နှုန်း ထပ်မံကောက်ခံမည်ဆိုသည်ကိုလည်းကောင်း၊ ယင်းကို ဇူလိုင် ၂၄ ရက်တွင် စတင်ကျင့်သုံးမည်ဆိုသည်ကိုလည်းကောင်း၊ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံး (USTR) က အတည်ပြု ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း သိရသည်။

         အဆိုပါ အဆိုပြုထားသည့် အခွန်နှန်းထားသည် စဉ်းစားညှိနှိုင်းဆဲ အဆင့်၌သာ ရှိသေးသည်။ ပုဒ်မ ၃၀၁ ဆိုသည်မှာ ကုန်သွယ်ဖက်နိုင်ငံများ၏ မူဝါဒ၊ စည်းမျဉ်း သို့မဟုတ် လုပ်ဆောင်ချက်များသည် မိမိတို့၏ စီးပွားရေးအကျိုးအမြတ်များကို ထိခိုက်စေသည်ဟု ယူဆပါက တုံ့ပြန်အရေးယူမှုများပြုလုပ်ရန် အစိုးရအား လုပ်ပိုင်ခွင့်ပေးထားခြင်းဖြစ်‌ကြောင်း သိရသည်။

      အမေရိကန်သည် မူပိုင်ခွင့်နှင့် နည်းပညာလွှဲပြောင်းမှုဆိုင်ရာ ကိစ္စရပ်များကြောင့် တရုတ်အပါအဝင် နိုင်ငံအများအပြားအပေါ် ယင်းအရေးယူဆောင်ရွက်ချက်ကို ယခင်က အသုံးပြုခဲ့ဖူးသလို ကုန်သွယ်ဖက်နိုင်ငံများ၏ ကုန်သွယ်ရေးစည်းမျဉ်းများကို မြှင့်တင်ရန် ဖိအားပေးသည့် နည်းလမ်းတစ်ခုအဖြစ်လည်း အသုံးပြုခဲ့ကြောင်း သိရသည်။

        ထိုင်းနိုင်ငံ၏ ဖြစ်စဉ်တွင်မူ အဓိကပြဿနာသည် ကုန်သွယ်ရေးလိုငွေပြမှုတစ်ခုတည်းပေါ်တွင် မမူတည်ဘဲ အလုပ်သမားစံချိန်စံညွှန်းများနှင့် ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်များ၏ ပွင့်လင်းမြင်သာမှုတို့နှင့် ဆက်စပ်နေပြီး၊ အထူးသဖြင့် ငါးဖမ်းလုပ်ငန်းနှင့် ယင်းနှင့် ဆက်စပ်နေသော စက်မှုလုပ်ငန်းများတွင် အတင်းအဓမ္မ စေခိုင်းခံရသည့် အလုပ်သမားများကို ကာကွယ်ရေးအတွက် အမေရိကန်၏ စိုးရိမ်ပူပန်မှုများနှင့် ဆက်စပ်နေသည်။

          ထိုင်းနိုင်ငံသည် ငါးဖမ်းကဏ္ဍ၌ တရားမဝင် အလုပ်သမားခိုင်းစေမှုများနှင့် ပတ်သက်၍ ယခင်က စိစစ်မေးမြန်းမှုများနှင့် ရင်ဆိုင်ခဲ့ရသဖြင့် အစိုးရအနေဖြင့် အလုပ်သမားမှတ်ပုံတင်ခြင်း၊ ငါးဖမ်းလှေများစစ်ဆေးခြင်း၊ ထုတ်ကုန်များ၏ နောက်ကြောင်းရာဇဝင်ကို စုံစမ်းစစ်ဆေးနိုင်ခြင်းနှင့် အလုပ်သမား အကာအကွယ်ပေးရေး အစီအမံများအပါအဝင် ကြီးကြပ်ကွပ်ကဲမှုများကို ပိုမိုမြန်ဆန်စွာ တိုးမြှင့်ဆောင်ရွက်ခဲ့ရသည်။

         ထိုင်းနိုင်ငံဘက်မှ တိုးတက်မှုများ ပြုလုပ်ခဲ့သော်လည်း အမေရိကန်ကမူ လက်တွေ့ကျသောရလဒ်များ၊ အထူးသဖြင့် မိမိတို့ဈေးကွက်အတွင်းသို့ ဝင်ရောက်လာသော ကုန်ပစ္စည်းများသည် အတင်းအဓမ္မစေခိုင်းခံရသည့် အလုပ်သမားများနှင့် ဆက်စပ်မှုမရှိကြောင်း သက်သေပြနိုင်သည့် စွမ်းဆောင်ရည်ကိုသာ ဆက်လက်အာရုံစိုက်နေဆဲဖြစ်ကြောင်း သိရှိရပါသည်။

Source : Nation Thailand                                                                   

DOCA (ရန်ကုန်)