ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၌ (မိုး)စပါးများ လှိုင်လှိုင်ရိတ်သိမ်း

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပေါက်မြို့နယ်တွင် ဒီဇင်ဘာလဆန်းမှစ၍ (မိုး)စပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရှိရပါသည်။ ပေါက်မြို့ နယ်တွင် နှစ်စဉ်(မိုး)စပါးကို အဓိကသီးနှံအဖြစ်စိုက်ပျိုးလျက်ရှိရာ ယခင်နှစ်တွင် (မိုး)စပါးဧက (၁၂၀၀၀)ခန့် စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် နယ်မြေဒေသအခြေအနေအရ စိုက်ဧက(၅၀၀၀)ခန့်သာ စိုက်ပျိုးထားရှိကြောင်း သိရှိရပါသည်။

   (မိုး)စပါးကို ဇူလိုင်လတွင် စတင်ပျိုးထောင်၍ စက်တင်ဘာလတွင် စိုက်ပျိုးပြီး ဒီဇင်ဘာ လဆန်းတွင် စတင်ရိတ်သိမ်းကြောင်း၊ စိုက်ပင်သက်တမ်း(၃)လခွဲခန့် ကြာမြင့်ကြောင်း၊ စိုက်ပျိုးရာတွင် ပင်ကြားတန်းကြားစနစ်ဖြင့် ကြိုးတန်း၍ စိုက်ပျိုးပြီး ရေသွင်း၍ စိုက်ပျိုးရကြောင်း သိရှိရသည်။ ယခုနှစ်တွင် ဆင်းသုခနှင့်ဧရာပဒေသာ စပါးမျိုးကို အဓိကထား စိုက်ပျိုးကြောင်း၊ ဒေသခံတောင်သူ များသည် စိုက်ပျိုးရေးဌာနမှ အရည်အသွေးကောင်းသော စပါးမျိုးကို ဝယ်ယူ၍ ပျိုးထောင်စိုက်ပျိုးကြောင်း၊ (၁)ဧက စိုက်ပျိုးရန်အတွက် စပါး(၁)တင်းခန့်ပျိုး၍ စိုက်ရကြောင်း၊ ယခုနှစ် (မိုး)စပါးစိုက် ပျိုးရာတွင် စိုက်ပျိုးချိန်ရာသီ၌ မိုးအဆက်မပြတ် ရွာသွန်းသည့်အတွက် စိုက်ခင်းများ ကောင်းမွန်၍ အရည်အသွေးကောင်းမွန်သော စပါးများထွက်ရှိပြီး ယခုနှစ်တွင် (၁)ဧက ပျမ်းမျှ တင်း(၇၀)ခန့် ထွက်ရှိကြောင်း သီးနှံပေါ်စ လက်ရှိဒေသတွင်း ဈေးကွက်တွင် ဆင်းသုခ(၁)တင်းလျှင် (၁၂၀၀၀) ကျပ်၊ ဧရာပဒေသာ (၁)တင်းလျှင် ကျပ်(၂၀၀၀၀) ပေါက်ဈေးရှပြီး ယခင်နှစ် စပါးပေါ်ချိန်တွင် ဆင်းသုခ (၁)တင်းလျှင် ကျပ်(၇၀၀၀)၊ ဧရာပဒေသာ (၁)တင်းလျှင် ကျပ်(၁၁၀၀၀) ဒေသပေါက်ဈေး ရှိခဲ့ကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။

     ပေါက်မြို့နယ်ရှိ စပါးစိုက်ပျိုးသည့် ကျေးရွာများတွင် ဒီဇင်ဘာလတွင် (မိုး)စပါးများ ရိတ်သိမ်းပြီးမည်ဖြစ်ကြောင်း၊ ရိတ်သိမ်းပြီး မြေလွတ်မြေကွက်များတွင် သီးထပ်သီးနှံအဖြစ် ကြက်သွန်နီ/ဖြူ၊ နွေခရမ်း၊ အာလူးသီးနှံတို့ကို ရေသွင်းရေဖြန်းစနစ်ဖြင့် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)