
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု- ခရိုင်ဦးစီးမှူး နှင့်ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၂၀.၇.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အစားအသောက်ဝန်ဆောင်မှုကဏ္ဍနှင့် စပ်လျဉ်း၍ ပခုက္ကူမြို့ပေါ်ရှိ စားသောက်ဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ပူးပေါင်းအဖွဲ့များသည် အစားအသောက်ရောင်းချသည့် လုပ်ငန်းရှင်များအား မိမိတို့ရောင်းချသော စားသောက်ဆိုင်များတွင် အစားအသောက်ပြုပြင် ရောင်းချသည့်နေရာများ သန့်ရှင်းမှုရှိစေရန်၊ အစားအသောက် ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရေသန့်ရှင်းမှုများရှိစေရန်၊ မိမိတို့ဆိုင်များမှ ပေးအပ်သည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများအားလုံလောက်သည့် သတင်းအချက်အလက်များကို အသိပေးဖော်ပြစေရန်၊ စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစား ပမာဏအလိုက် ဈေးနှုန်းများအား စားသုံးသူများသိရှိစေရန် ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပေး ဖော်ပြထားရန်လိုအပ်ကြောင်း၊ သို့မှသာ စားသောက်ဆိုင်၏ ဂုဏ်သတင်းများမှာလည်း ကျော်ကြားလာမည်ဖြစ်ကြောင်း အစားအသောက် ဝန်ဆောင်မှုကဏ္ဍအနေဖြင့် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
