သက်ငယ်နတ်တော်၊ သက်ကြီးပြာသိုမှာထွက်ရှိသည့် ဝက်လက်မြို့နယ်၊ ရွှေပန်းကုန်းကျေးရွာ၏ ရာသီပေါ်ပဲမြစ်

Powered by Drupal

      မြန်မာနိုင်ငံတွင် နွေ၊ မိုး၊ ဆောင်း ဟူ၍ ဥတု(၃)ပါးရှိရာ မြူနှင်းများဝေပြီး ခိုက်ခိုက်တုန် အောင်ချမ်းသော ဆောင်းရာသီဖြစ်သည့် နတ်တော်လ၊ ပြာသိုလများတွင် ပဲမြစ်ကို တူးဖော်ရောင်းချ ကြပါသည်။ ပဲမြစ်သည် တစ်နှစ်မှာ တစ်ရာသီသာပေါ်သည့် ရာသီစာဖြစ်ပါသည်။ ဘုရားပွဲများတွင် ဧည့်ခံကျွေးမွေးခြင်း၊ ဘုန်းတော်ကြီးကျောင်းများသို့ အချိုပွဲအဖြစ်ပို့ခြင်း၊ ရပ်နီး/ရပ်ဝေး မကျန် လက်ဆောင်အဖြစ်ပေးသော သရေစာတစ်မျိုးဖြစ်ပါသည်။ ပဲမြစ်ပြုတ်ရာတွင် စေးပိုင်စေရန် ကောက်ရိုး၊ ထန်းလျက်ခဲများဖြင့် ပြုတ်ကြပါသည်။ အေးမြလှသော ဆောင်းရာသီတွင် ထင်းမီးဖိုကြီး များဖိုကာ မီးလှုံ၍ အခါးရေနွေးအိုးဖြင့် ပဲမြစ်ကို ထုထောင်းကာ မြေပဲဆံတို့ဖြင့် နယ်စားခြင်း၊ ပဲမြစ်ကို ဆီ/ဆားတို့ကာ စားသုံးခြင်းများ ပြုလုပ်ပါကြသည်။

စိုက်ပျိုးထွက်ရှိသည့်ဒေသ

          ပဲမြစ်ကို ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ရွှေပန်းကုန်းကျေးရွာ၊ တောကုန်းကျေးရွာ၊ ကံစာရေး ကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာ၊ တည်တောကျေးရွာ၊ ဉယျာဉ်သာကျေးရွာများတွင် အများဆုံး စိုက်ပျိုးကြပြီး ရွှေပန်းကုန်းကျေးရွာသည် ဝက်လက်မှ မုံရွာသို့ သွားရောက်ရာ ကားလမ်းဘေးတွင် တည်ရှိပါသည်။ ရွှေပန်းကုန်းကျေးရွာနှင့်ဇီးဖြူကုန်းကျေးရွာရှိ လယ်မြေ၊ ကုန်းမြေများသည် တနယ်၊ သဲစပ်များပါ၍ ပဲမြစ်သည် အရွယ်အစားလှခြင်း၊ အရသာမှာ စေးပိုင်ခြင်းတို့ကြောင့် ရွှေပန်းကုန်း ပဲမြစ်သည် လူကြိုက်များလှပေသည်။

အသုံးပြုသည့်မျိုးနှင့် စိုက်ပျိုးနည်းစနစ်

          ရွှေပန်းကုန်းပဲမြစ်တွင် သက်ငယ်မျိုး နှင့်သက်ကြီးမျိုးဟူ၍ (၂)မျိုးရှိကြောင်း၊ သက်ငယ်မျိုးမှာ ဝါဆိုလမှစ၍ အစေ့ချစိုက်ပြီး နတ်တော်လတွင် တူးဖော်ရကြောင်း၊ သက်ကြီးမျိုးမှာ ဝါခေါင်လမှစ၍ အစေ့ချစိုက်ပြီး ပြာသိုလတွင် တူးဖော်ရကြောင်း၊ ပဲမြစ်စိုက်သည့် အချိန်သည် (၆)လ ကြာမြင့် ကြောင်း၊ (၆)လ သက်တမ်းရှိမှသာ ပဲမြစ်သည် ဉလှ၍ ရင့်ကြောင်း သိရှိရပါသည်။

          မြေ (၁)ဧကလျှင် ပဲမြစ်မျိုးစေ့ (၁)တင်း စိုက်ရကြောင်း၊ မျိုးစေ့(၁)တင်းလျှင် (၁၂၀၀၀ဝိ/)မှ (၁၅၀၀၀ဝိ/)ထိ ရှိကြောင်း၊ မျိုးစေ့ကို ရှမ်းပြည်နယ်၊ နောင်ချိုမြို့မှ ဝယ်ယူရကြောင်း၊ မျိုးကောင်း/ မျိုးသန့် ရရှိစေရန်အတွက် ကြိုတင်၍ ဝယ်ယူထားရကြောင်း၊ ဝယ်ပြီးပါက ပူပြင်းသောနေတွင် ခြောက်အောင်လှမ်းရပြီး ပီနံအိတ်ကြီးများဖြင့် ထည့်ကာ သိမ်းဆည်းထားရကြောင်း၊ ပဲမြစ် စိုက်ပျိုး ရာတွင် ပထမဦးစွာ နွားနှင့်အရင်ထယ်ထွန်ရကြောင်း၊ ပြီးနောက် ဘောင်များ ပြုလုပ်ကာ တစ်ပင်နှင့် တစ်ပင်ကို ဆယ်လက်မခန့်ခြား၍ အစေ့ချစိုက်ပျိုးရကြောင်း၊ တစ် ကျင်းလျှင် အစေ့ (၇)စေ့မှ (၁၂)စေ့ထိ ချ၍ စိုက်ရကြောင်း၊ စိုက်ပြီး ရက် (၂၀ မှ ၂၅)ရက်သားတွင် ရေသွင်းရကြောင်း၊ မိုးရွာပါက ရေသွင်းရန် မလိုကြောင်း၊ မိုးမရွာပါက မြေအောက်ရေတွင်း (သို့မဟုတ်) ငါးပေါက်တွင်းမှ ရေကို သွင်းရကြောင်း၊ မြေ (၁)ဧကကို အနည်းဆုံး ရေ (၄)ကြိမ်သွင်းရကြောင်း၊ ရေ (၁)ကြိမ်သွင်းပါက ဆီ (၃)ဂါလံကုန်ကြောင်း၊  ရေသွင်းပြီးပါက  ပေါင်းမြက် ရှင်းလင်းရကြောင်း၊ စိုက်ပြီး (၂)လကျော်ပါက အသီးကင်းဝင်ကြောင်း၊ အထွက်တိုးရန်အတွက် ပုလဲဓါတ်မြေဩဇာတစ်အိတ်ထက်မနည်း ကြဲပတ် ရကြောင်း၊ ရာသီဉတုပေါ်မူတည်၍ ပိုးမကျစေရန် ပိုးသတ်ဆေးဖျန်းရကြောင်း သိရှိရပါသည်။

          ပဲမြစ်စိုက်ရာတွင် (၁)ဧကလျှင် လုပ်သား (၈)ဉီးဖြင့် အပြတ်စိုက်ရကြောင်း၊ တစ်ယောက်လျှင် (၃၀၀ဝိ/)ပေးရကြောင်း၊ ပဲမြစ်ကို သံတူရွင်းဖြင့် တူးရပြီး တံဇဉ်ဖြင့် ဖြတ်ရကြောင်း၊ ပဲမြစ်တူးရာတွင် အမျိုးသားလုပ်သားတစ်ဦးလျှင် တူးခ (၇၀၀ဝိ/)နှင့် အမျိူးသမီးလုပ်သားတစ်ဦးလျှင် ဖြတ်ခ (၄၅၀ဝိ/) ပေးရကြောင်း သိရှိရပါသည်။

အထွက်နှုန်းနှင့်နှင့်ဈေးနှုန်းဈေးကွက်အခြေအနေ

          မြေ (၁)ဧကကို ပဲမြစ်ပိဿာချိန် (၁၅၀ဝိ/)မှ (၂၀၀ဝိ/)ခန့်ထိ ထွက်ရှိကြောင်း၊ မန္တလေးမြို့ရှိ ပွဲရုံများသို့ သွားရောက်၍ ရောင်းချရကြောင်း၊ ပဲစပေါ်မူတည်၍ ပဲမြစ်သည် ဈေးနှုန်းအမျိုးမျိုး ရှိ ကြောင်း၊ ယခုနှစ်တွင် ပဲမြစ်(၁)ပိဿာ ပွဲရုံဖြတ်ဈေးမှာ  (၁၅၀ဝိ/)၊ (၁၆၀ဝိ/)၊ (၁၇၀ဝိ/) ထိရှိကြောင်း၊ တစ်ဆင့်ပြန်လည်ရောင်းချသည့် ဈေးဆိုင်များအနေဖြင့် ပဲမြစ်(၁)ပိဿာလျှင် (၂၀၀ဝိ/)၊ (၂၂၀ဝိ/)၊ (၂၅၀ဝိ/)စသည်ဖြင့် ပစ္စည်းပေါ်မူတည်၍ ရောင်းချကြကြောင်း၊ ပီနံအိတ် (၃)တင်းဝင်အိတ် (၁)အိတ် လျှင် ပဲမြစ် ပိဿာချိန် (၅၀ မှ ၆၀)ထိ ဆံ့ကြောင်း၊ အရာတော်နယ်၊ ရွှေဘိုနယ်များမှလည်း လာ ရောက်၍ ဝယ်ယူကြကြောင်း၊ ရွာစဉ်လှည့်လှည်ကာ ရောင်းချသူများကလည်း ဆိုင်ကယ်များဖြင့် လာရောက်၍ ဝယ်ယူကြကြောင်း သိရှိရပါသည်။

တစ်ဧကကုန်ကျစရိတ်အကျိုးအမြတ်

           ပဲမြစ် (၁)ဧကစိုက်ပျိုးရာတွင် ကုန်ကျစရိတ်မှာ (၇၀၀၀၀ဝိ/)ခန့်ကုန်ကျပြီး တစ်ဧကအကျိုး အမြတ်မှာ (၇၀၀၀၀ဝိ မှ ၉၀၀၀၀ဝိ/)ထိ မြတ်ကြောင်း၊ ပုံသေတွက်၍မရကြောင်း၊ မျိုးမှားခြင်း၊ စိုက်ပျိုးပြုစုမှုအားနည်းခြင်း၊ ရေပေးနည်းခြင်းတို့ဖြစ်ပါက အထွက်နှုန်းနည်းကြောင်း သိရှိရပါသည်။

အကျိုးကျေးဇူးများ

        ပဲမြစ်စိုက်ခြင်းအားဖြင့် ကြားကာလတွင် ငွေစောလျင်စွာပေါ်ခြင်း၊ ပေါ်သည့်ငွေနှင့် တောင် သူများမှ ကုလားပဲစိုက်ခြင်း၊ ကြက်သွန်နီစိုက်ခြင်းဖြင့် နောက်ထပ်လုပ်ကိုင်ရမည့် လုပ်ငန်းအတွက် ရင်းနှီးငွေရခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိခြင်းစသည့် အကျိုးကျေးဇူးများရှိကြောင်း၊ ပဲမြစ် စိုက်ပျိုးခြင်းသည် တောင်သူများအတွက် အဆင်ပြေသည့် လုပ်ငန်းဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)