
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ သီးနှံပွဲရုံများတွင် ဒေသထွက် ဆောင်းသီးနှံများနှင့် မိုးဦးသီးနှံများဖြစ်ကြသည့် ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းများ ယခုရက်သတ္တပတ်အတွင်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းများမှာလည်း ပြည်ပဝယ်လို အားနှင့် ပြည်တွင်းကုန်စည်စီးဆင်းမှုအပေါ် မူတည်၍ ပြောင်းလဲလျက်ရှိကြောင်း၊ ကန့်ဘလူမြို့နယ် ပဲ၊ နှမ်း ကုန်သည်များနှင့် ပွဲရုံပိုင်ရှင်များထံမှ သိရသည်။
ပြည်ပပို့ကုန် ပဲစင်းငုံမှာ ပြည်ပနိုင်ငံများ၏ ဝယ်လိုအား အလားအလာ ကောင်းမွန်နေခြင်း ကြောင့် ကန့်ဘလူဈေးကွက်တွင် အရောင်းအဝယ် ပုံမှန်ဖြစ်လျက်ရှိပြီး ယခု ဒုတိယပတ် ပေါက်ဈေး မှာ တစ်တင်းလျှင် ၉၀၀၀၀ ကျပ်၊ ပဲစင်းငုံဖြူ တစ်တင်းလျှင် ၇၉၅၀၀ ကျပ် ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပဲစင်းငုံ(နီ)မှာ ယခင်အပတ်ထက် ကျပ် ၁၀၀၀ မြင့်တက်လာကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်မှ ထွက်ရှိသည့် ပဲတီစိမ်းများမှာ အရည်အသွေးကောင်းမွန်ခြင်းကြောင့် မန္တလေး ကုန်သည်ကြီးများ အကြိုက်များပြီး အဝယ်လိုက်လျက်ရှိရာ ယခုဒုတိယပတ်ပေါက်ဈေးမှာ ပဲတီစိမ်း(ရိုးရိုး) တစ်တင်းလျှင် ၇၂၀၀၀ ကျပ်၊ ပဲတီစိမ်း(ထွက်တိုး) တစ်တင်းလျှင် ၇၃၅၀၀ ကျပ် အထိရရှိကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။ မန္တလေးဈေးကွက်သို့ အဓိက စီးဆင်း နေသည့် မတ်ပဲမှာ ပစ္စည်းအဝင်နည်းသော်လည်း အဝယ်ပုံမှန်ရှိနေသဖြင့် မတ်ပဲရိုးရိုး တစ်တင်းလျှင် ၉၀၀၀၀ ကျပ်၊ မတ်ပဲ(ဂျပန်) တစ်တင်းလျှင် ၉၄၅၀၀ ကျပ်ဖြင့် ဈေးငြိမ်လျက်ရှိကြောင်း၊ ရန်ကုန်၊ မန္တလေး ကုန်စည်ဒိုင်တွေရဲ့ အဖွင့်ဈေးနဲ့ ပြည်ပဝယ်လိုအား အပေါ်မူတည်ပြီး ဈေးနှုန်းအတက်အကျ ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့မှ ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)
