မြင်းခြံခရိုင်၏ မိုးနှမ်းစိုက်ပျိုးထွက်ရှိမှုအခြေအနေ

Powered by Drupal

        မြင်းခြံခရိုင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာတွင် မိုးနှမ်းစိုက်ဧက(၂၂၆၃၉၆)ဧက စိုက်ပျိုးခဲ့ပြီး၊ စိုက်ဧက အားလုံးရိတ်သိမ်းနိုင်ခဲ့ပါသည်။ တစ်ဧကပျှမ်းမျှအထွက်နှုန်းအနေဖြင့် (၃.၀၉) တင်းနှုန်းဖြင့် တင်းပေါင်း (၆၉၉၅၆၄)တင်း ထွက်ရှိခဲ့ပါသည်။ မြို့နယ်အလိုက်စိုက်ပျိုးမှုအနေဖြင့် မြင်းခြံမြို့နယ်တွင် (၅၆၀၄)ဧက၊ ရိတ်သိမ်းဧက(၅၆၀၄)ဧက၊ အထွက်တင်းပေါင်းမှာ(၂၈၆၃၆)တင်းဖြစ်ပြီး၊ တောင်သာမြို့နယ်၏ စိုက်ဧကမှာ (၄၆၄၃၈)ဧက၊ ရိတ်သိမ်းဧက(၄၆၄၃၈)ဧက၊ အထွက်တင်း ပေါင်းမှာ (၂၀၄၃၂၇)တင်း၊ နွားထိုးကြီးမြို့နယ်တွင် (၁၇၄၃၅၄)ဧက၊ ရိတ်သိမ်းဧကမှာလည်း (၁၇၄၃၅၄)ဧက၊ အထွက်တင်းပေါင်း မှာ(၄၆၇၂၆၉)တင်း ဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။နှမ်းသီးနှံသည် ဆီထွက်သီးနှံဧရိယာတွင် အများဆုံးဖြစ်ပြီး ကုန်ကျစရိတ် သက်သာသည့်အတွက် တောင်သူများ အလွယ်တကူစိုက်ပျိုးနေသည့် သီးနှံတစ်မျိုးဖြစ်ပါသည်။ နေ့စဉ်ပျမ်းမျှအပူချိန် ၈၀ ဒီဂရီဖာရင်ဟိုက်/၂၆ ဒီဂရီစင်တီဂရိတ် ရှိပါက အပင်ကြီးထွားမှုနှင့် သီးပွင့်မှုကိုအားပေးပါသည်။ နှမ်းသီးနှံမှာ မိုးရေချိန် ၂၀ လက်မခန့်ကို ညီညာမျှတစွာရရှိပါက လုံလောက်မှုရှိပြီး ရေငတ်ဒဏ် အသင့်အတင့်ခံနိုင်ပါသည်။ လက်ရှိစိုက်ပျိုးလျှက်ရှိသော နှမ်းမျိုးများမှာ ဒေသအလိုက်အခေါ်အဝေါ်အမျိုးမျိုး ကွဲပြားလျက်ရှိပြီး မျိုးကွဲများလည်းများစွာရှိကြောင်း သိရှိရပါသည်။အဓိကအားဖြင့်တောင်သူများသည် နှမ်းကို နှမ်းလျှင် နှင့်နှမ်းကြီးဟူ၍ ခွဲခြားကြပါသည်။

        နှမ်းလျှင်မှာ မိုးကြိုစိုက်အဖြစ် ဖေဖော်ဝါရီနှင့်မတ်လအတွင်း စိုက်ပျိုးနိုင်ပြီး၊ မိုးစိုက်အဖြစ် မေ၊ ဇွန်လများတွင် စိုက်ပျိုးနိုင်ပါသည်။ လယ်သီးထပ်အဖြစ် အောက်တိုဘာ၊ နိုဝင်ဘာလ တို့တွင် စိုက်ပျိုးနိုင်ပါသည်။ အသက်ရက်မှာ (၇၅၊၉၀) ရက်ခန့်သာရှိပါသည်။ နှမ်းကြီးကို မိုးနှောင်းစိုက် အဖြစ်   ဩဂုတ်၊စက်တင်ဘာလအတွင်း စိုက်ပျိုးနိုင်ပါသည်။နေ့တာတုန့်ပြန်မှုရှိသဖြင့် အခြားအချိန် တွင် စိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ အသက်ရက်အားဖြင့်(၁၂၀၊၁၃၅)ရက်ခန့်ရှိပါသည်။ နှမ်းမျိုးအုပ်စု (၃)မျိုးခွဲခြားထားပါသည်။ သက်လျှင်၊သက်လတ်၊သက်ကြီး ဟူ၍ဖြစ်ပြီး သက်လျှင်မှာ သက်တမ်းရက် (၆၀၊၇၀)ရက်၊ သက်လတ်မှာ သက်တမ်းရက်(၈၀၊၉၀)နှင့် သက်ကြီး၏ သက်တမ်းရက်မှာ (၁၂၀၊ ၁၅၀) ဖြစ်ကြောင်းသိရပါသည်။

          နှမ်းပင်သည် အပင်ငယ်စဉ်တွင် များစွာနူးညံ့၍ မြေတွင်းမှထိုးထွက်နိုင်ရန်အတွက် ထွန်ရေး ညက်ရန်လိုပါသည်။ ထိုအပြင်မြေတွင်း၌ အမြစ်ကောင်းစွာဆင်းပြီး လေ၊ရေ၊ အဟာရများ မျှတစွာရရှိရန် ထွန်ရေးနက်နက်ထွန်ပေးရန် လိုအပ်ပါသည်။ မိုးဦးစိုက်ပျိုးပါက  ဩဂုတ်မတိုင်မီ မိုးကြိုး၊ မိုးခံ ထယ်ရေးထွန်ထားရန်လိုအပ်ပါသည်။ ထယ်ရေးနက်နက်ရရှိစေရန် သုံးသွားစက်ထယ် ဖြင့် ထွန်ယက်ပေးသင့်ကြောင်း သိရှိရပါသည်။

        နှမ်းကို ကြိတ်ခွဲ၍ နှမ်းဆီအဖြစ်အဓိကအသုံးပြုပြီး၊ ကြိတ်ဖတ်များကိုလည်း တိရိစ္ဆာန်အစာအဖြစ် အသုံးပြုကြပါသည်။ မြန်မာအစားအစာအဖြစ် နှမ်းယို၊ နှမ်းလှော်၊ နှမ်းမနှဲ၊ နှမ်းကပ်မုန့်၊ နှမ်းဆုပ်၊ နှမ်းဖတ်ချဥ်နှင့် မြန်မာ့အစားအစာအသုပ်မျိုးစုံတွင်လည်း ထည့်သွင်းအသုံးပြုစားသုံးကြပါသည်။ ဈေးကွက်အတွင်းဖြစ်ပေါ်နေသော လက်ရှိကာလပေါက်ဈေးအနေဖြင့် နှမ်းညို တစ်ပိဿာလျှင် (၄၅၀၀၊ ၄၅၅၀၊ ၄၆၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်နေပြီး၊ ဒေသတွင်းနှမ်းဆီ ဈေးအနေဖြင့် တစ်ပိဿာလျှင် (၉၅၀၀၊ ၁၀၀၀၀)ကျပ်ဝန်းကျင်များရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)