
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ရှိ မြို့မဈေး၊ အမှတ်(၂)ဈေးနှင့် ပျံကျဈေးတို့တွင် နဂါးမောက်သီးများရောင်းချလျက်ရှိကြောင်း သိရပါသည်။ နဂါးမောက်သီးသည် ကျန်းမာရေးနှင့် ညီညွတ်သော ရာသီပေါ်သီးနှံဖြစ်သဖြင့် အိမ်ထောင်စုများအပြင် အလှူအတန်းနှင့် ပွဲလမ်းသဘင်များအတွက်ပါ ဝယ်လိုအား ပုံမှန်ရှိနေခြင်းကြောင့် ယခုလို ဝါတွင်းကာလ၌ ပို၍ရောင်းအားကောင်း လျက်ရှိကြောင်း သိရသည်။
နဂါးမောက်သီးများကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်နှင့် ပုပ္ပါးဒေသတို့မှ ဝင်ရောက်ပြီး ဒေသခံသစ်သီးရောင်းချသော လက်လီဈေးသည်များက ခြင်းပြတ်ဝယ်ယူပြီး ပြန်လည်ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ(ဒုတိယပတ်)တွင် ရောင်းချနေသော နဂါးမောက်သီး ဈေးနှုန်းများမှာ အလုံးကြီး တစ်ပိဿာလျှင် ကျပ်(၆၀၀၀) ၊ အလုံးလတ် တစ်ပိဿာလျှင် ကျပ်(၅၀၀၀)၊ အလုံးသေး တစ်ပိဿာလျှင် ကျပ်(၄၅၀၀) ဈေးဖြင့် ရောင်းချလျက်ရှိပြီး ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၅၀၀)ခန့် ဈေးမြင့်တက်ကြောင်း တွေ့ရှိရသည်။ ပခုက္ကူမြို့၏ နဂါးမောက်သီးဈေးကွက်သည် လက်ရှိသီးနှံပေါ်ချိန်ဖြစ်၍ အရောင်း အဝယ် ပုံမှန်အခြေအနေတွင် ရှိနေပါသည်။ လာမည့် အောက်တိုဘာ လအထိ နဂါးမောက်သီးများ ထွက်ရှိဦးမည်ဖြစ်၍ ဈေးနှုန်းသိသိသာသာမြင့်တက်ခြင်းမရှိဘဲ တည်ငြိမ်နိုင်သည်ဟု သစ်သီးရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(မကွေး)
