
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၁၃.၈၂၀၂၆) ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ တိလောက ရာမကျောင်းတိုက်တွင် အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား/ ကျောင်းသူ (၅၀၀)ဦးနှင့် ဆရာ၊ ဆရာမ (၂၃) ဦး စုစုပေါင်း (၅၂၃) ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ကျောင်းထိုင်ဆရာတော်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဒု-ခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက ဌာန၏သမိုင်းကြောင်းနှင့် ယခုဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းကို ပထမဆုံးရှင်းလင်းပြောကြားခဲ့ပြီး ဒု-ဦးစီးမှူးဒေါ်ပပရွှေက စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း (၉)ပါ စားသုံးသူများရရှိသည့်အခွင့်အရေး (၈)ချက်နှင့် စားသုံးသူများ လိုက်နာရမည့် တာဝန်(၄)ချက်ကိုလည်း ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများကို သိရှိနားလည်စေရန် ဥပမာများဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး အခုလိုသိရှိမှသာ မိမိတို့ရရှိမည့် အခွင့်အရေးများကို တောင်းခံနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူများလိုက်နာရမည့် တာဝန်များကိုလည်း တိတိကျကျ လိုက်နာရန် လိုအပ်ကြောင်းများကိုလည်း ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အကြီးတန်းစာရေး ဒေါ်ခိုင်ဇင်ကျော်က စားသုံးသူကာကွယ်ရေး အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားများတွင် ထည့်သွင်းဖော်ပြရမည့် အချက် (၈)ချက်အား တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများကို နမူနာပစ္စည်းများဖြင့် ရှင်းလင်းပြီး ယခုကဲ့သို့ ကုန်အညွှန်းအမှတ်အသားများမပါလျှင် ဝယ်ယူစားသောက်ခြင်း မပြုစေချင်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှသာလျှင် သုံးစွဲစေချင်ကြောင်း၊ စားသုံးသူမိဘပြည်သူများက တိကျစွာလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်းများကို ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒု-ခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက မိဘပြည်သူများ အခွင့်အရေးများကို သိရှိပြီး နစ်နာဆုံးရှုံးမှုရှိခဲ့လျှင်တိုင်ကြားနိုင်ရန် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ “CICC” ရုံးများ ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း၊ တိုင်ကြားနိုင်ကြောင်း၊ ဒါအပြင် Facebook စာမျက်နှာတွင်လည်းကောင်း၊ DOCA Myanmar Application တွင်လည်းကောင်း၊ Consumer Call Center ဖွင့်လှစ်ထားသည့် (1535) တွင်လည်းကောင်း တိုင်ကြားနိုင်ကြောင်းများနှင့် တိုင်ကြားနိုင်သူများအကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
