အမေရိကန်၏ အီရန်နိုင်ငံအပေါ် စီးပွား‌ရေးပိတ်ဆို့မှုများကြောင့် အိန္ဒိယဆန်တင်ပို့သူများ အကြီးမားဆုံး ထိခိုက်မှုနှင့် ရင်ဆိုင်နေရ

Powered by Drupal

      အီရန်နိုင်ငံအပေါ် အမေရိကန်၏ စီးပွားရေး ပိတ်ဆို့အရေးယူမှုဆိုင်ရာ မူဝါဒများသည် အီရန်နှင့် အိန္ဒိယတို့အကြား ဒေါ်လာ ၁.၆ ဘီလီယံပမာဏရှိ ကုန်သွယ်ရေးကို အဟန့်အတား ဖြစ် စေနိုင်ပြီး  အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)မှတစ်ဆင့်ပြုလုပ်သည့် အဓိက ငွေပေး ချေမှု လမ်းကြောင်းများ ပိတ်သိမ်းသွားခြင်းကြောင့် အိန္ဒိယဆန်တင်ပို့သူများ ကြီးမားသည့် ရိုက် ခတ်မှုနှင့် ကြုံတွေ့နိုင်ရဖွယ်ရှိနေသည်။ အိန္ဒိယ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဩဂုတ်လ ၂၅ ရက်နေ့အထိ အိန္ဒိယနှင့် အီရန်တို့အကြား ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁.၆၃ ဘီလီယံ ရှိခဲ့ပြီး ယင်းပမာဏ အနက် အိန္ဒိယ၏ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁.၂၆ ဘီလီယံ ဖြစ်ကြောင်း သိရှိရသည်။

    အိန္ဒိယနိုင်ငံသည် အီရန်နိုင်ငံနှင့် ကုန်သွယ်ရေး ငွေပေးချေမှုများအတွက် ယူအေအီးကို ကြားခံအဖြစ် ယခုအချိန်အထိ အသုံးပြုခဲ့သည်။ ယင်းအစီအစဉ်အရ ယူအေအီးသည် အီရန်ထံမှ ငွေပေးချေမှုများကို လက်ခံရယူ၍ အိန္ဒိယ ပို့ကုန်လုပ်ငန်းရှင်များထံ လွှဲပြောင်းပေးခြင်းအပြင် အခြားသော ကုန်သွယ်မှုဦးတည်ချက်များအတွက်လည်း ငွေလွှဲပြောင်းမှုများ ဆောင်ရွက်ပေးခဲ့ သည်။

   သို့သော်လည်း ပြီးခဲ့သည့်သီတင်းပတ်တွင် ယူအေအီးက အီရန်နိုင်ငံနှင့် ကုန်သွယ်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆက်ဆံရေးအားလုံးကို ဆိုင်းငံ့လိုက်ခြင်းကြောင့် အဆိုပါ ကြားခံငွေပေးချေမှု လမ်းကြောင်းမှာ ရပ်တန့်သွားနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ အဆိုပါကိစ္စကို သိရှိနား လည်သည့် သတင်းရင်းမြစ်များ၏အဆိုအရ အိန္ဒိယ ပို့ကုန်လုပ်ငန်းရှင် အများအပြားသည် ငွေ ပေးချေမှုဆိုင်ရာ အခက်အခဲများကို စတင်ကြုံတွေ့နေရပြီဖြစ်ပြီး တူရကီနိုင်ငံကို အစားထိုးလမ်း ကြောင်းတစ်ခုအဖြစ် အသုံးပြုနိုင်ရန် ဖြစ်နိုင်ခြေများကို ရှာဖွေလျက်ရှိသည်။

     အီရန်နိုင်ငံသို့ ကုန်စည်များ တင်ပို့သည့် ပို့ကုန်လုပ်ငန်းစဉ်များသည်လည်း ကုန်ကျစရိတ် ပိုမိုကြီးမားလာနိုင်ပြီး အချိန်ပိုမို ကြာမြင့်လာနိုင်သည်။ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ကုန်စည် များကို အီရန်သို့ တိုက်ရိုက်တင်ပို့ခြင်းထက် တတိယနိုင်ငံတစ်ခုမှတစ်ဆင့် လမ်းကြောင်းပြောင်း လဲ ပို့ဆောင်ရနိုင်ဖွယ်ရှိသည်။ တူရကီနိုင်ငံကို အစားထိုး ရွေးချယ်စရာ လမ်းကြောင်းတစ်ခုအဖြစ် စဉ်းစားနေကြသော်လည်း ယင်းသို့ စီစဉ်ဆောင်ရွက်ရန် တူရကီ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ် မည်ဖြစ်ပြီး နောက်ဆက်တွဲအနေဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်များနှင့် ဘဏ္ဍာရေးစည်း မျဉ်း လိုက်နာမှုဆိုင်ရာ စိန်ခေါ်မှု အသစ်များကိုပါ ရင်ဆိုင်လာရမည် ဖြစ်သည်။

    တူရကီကို ကြားခံဖြတ်သန်းရေးစခန်းအဖြစ် အသုံးပြုပါက ခရီးစဉ်ကြာမြင့်ချိန် ၃ ဆ မှ ၄ ဆအထိ ပိုမို ကြာမြင့်သွားမည်ဖြစ်ပြီး ကုန်စည်ပို့ဆောင်ခ မြင့်တက်လာနိုင်သည်။ ကုန်စည်များ သည် ပင်လယ်နီကိုဖြတ်၍ တူရကီသို့ ရေကြောင်းဖြင့် ပို့ဆောင်ရပြီးနောက် ကုန်းလမ်းမှတစ်ဆင့် အီရန်သို့ ဆက်လက်ပို့ဆောင်ရမည်ဖြစ်ကာ ကုန်ကျစရိတ်နှင့် စွန့်စားမှုများကိုပါ တိုးမြင့်စေနိုင် သည်။

    အီရန်နှင့် ကုန်သွယ်မှုမှန်သမျှ ပိတ်ဆို့အရေးယူခံရမည်ဖြစ်ပြီး ကုန်သွယ်မှု၏ ကဏ္ဍတိုင်း ကိုလည်း အကျုံးဝင်စေကာ မတ်လက ယာယီဖြေလျှော့ထားသည့် အမေရိကန်၏ ရေနံပိတ်ဆို့မှု များလည်း ပြန်လည်အသက်ဝင်လာမည်ဖြစ်သည်။ အိန္ဒိယ ကုန်သည်များသည် တူရကီ သို့မဟုတ် အခြားဖြတ်သန်းခွင့်ရ နိုင်ငံတစ်ခုခုမှတစ်ဆင့် ပို့ကုန်များမှာ အီရန်အတွက် မဟုတ်ကြောင်း သက်သေပြ၍ အမေရိကန်၏ ပိတ်ဆို့မှုကို ရှောင်ရှားနိုင်သော်လည်း ပို့ဆောင်ခစရိတ် မြင့်တက် ခြင်းအပါအဝင် အခြားစိန်ခေါ်မှုများ ကြုံရနိုင်ကြောင်း စီးပွားရေးပညာရှင် Madan Sabnavis က  ပြောကြားခဲ့သည်။ အထူးသဖြင့် ဆန်တင်ပို့သည့် ကုန်သည်များကို ပိုမိုထိခိုက်နိုင်သည့် အခြေ အနေတွင် ရှိနေသည်။ အိန္ဒိယနိုင်ငံသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အီရန်နိုင်ငံသို့ အမေရိကန် ဒေါ်လာ ၈၁၀.၀၈ သန်း တန်ဖိုးရှိဆန်များကို တင်ပို့ခဲ့ပြီး ယင်းအနက် ၂၀၂၆ ခုနှစ်၊ ပထမနှစ်ဝက် တွင် တင်ပို့ခဲ့သည့်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၈၃.၁၁ သန်း ပါဝင်သည်။

    အမေရိကန်က ရေနံဆိုင်ရာ ကန့်သတ်ချက်များကို ဧပြီလတွင် လျှော့ပေါ့ပေးခဲ့ပြီးနောက် အိန္ဒိယသည် အမေရိကန်ဒေါ်လာ ၇၀၇ သန်း တန်ဖိုးရှိ အီရန်ရေနံစိမ်းများကိုလည်း တင်သွင်း ခဲ့သည်။ သို့သော်လည်း အဆိုပါ ရေနံတင်သွင်းခွင့်များ ဆုံးရှုံးသွားခြင်းသည် အိန္ဒိယနိုင်ငံအတွက် ထိန်းချုပ်စီမံနိုင်သော ပမာဏသာ ဖြစ်ကြောင်း၊ ရေနံစိမ်းတင်သွင်းမှု ရပ်ဆိုင်းခြင်းက အိန္ဒိယ အပေါ် သက်ရောက်မှု မရှိသလောက် နည်းပါးပြီး ဆန်ကုန်သည်များနှင့် အခြားကုန်သည်များသာ ပိုမိုထိခိုက်နိုင်ကြောင်းကိုလည်း Sabnavis က ပြောကြားခဲ့သည်။

 Source: CNBC, 25 August 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)