
လားရှိုးမြို့သည် ရှမ်းမြောက်ဒေသ၏ အဓိကကုန်စည်စီးဆင်းရာ ဗဟိုချက်ဖြစ်ပြီး လက်ရှိ ဒေသတွင်း ကုန်စိမ်းဈေးကွက် အခြေအနေများမှာ လားရှိုးမြို့ပေါ်သို့ ကလော၊ အောင်ပန်း ဘက်မှ ဝင်ရောက် လာသော ကုန်စိမ်းများအပြင်၊ ဒေသတွင်း ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့နယ် ပတ်ဝန်းကျင် ကျေးရွာများမှ စိုက်ပျိုးထုတ်လုပ်သည့် ကျောက်ဖရုံသီးများလည်း ဝင်ရောက်လျက် ရှိသည်။
ယခုရက်ပိုင်းအတွင်း အခြားကုန်စိမ်းအသီးအနှံအချို့ ဈေးအတက်အကျ ကြမ်းနေသော် လည်း ကျောက်ဖရုံသီးသည် အထားခံသောသီးနှံဖြစ်သဖြင့် စားသုံးသူများ ပုံမှန်ဝယ်ယူမှုရှိပြီး ဈေးကွက် တည်ငြိမ်နေသည်။ မိုးရာသီ ကာလဖြစ်သဖြင့် လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ ဆောင်ခ ကုန်ကျစရိတ်မြင့်မားမှုကြောင့် ကုန်စိမ်းဈေးနှုန်းများသည် အောက်ပြည်အောက်ရွာ ဈေးကွက်များ ထက်စာလျှင် ကျောက်ဖရုံသီး တစ်လုံးချင်းစီအလိုက် ကျပ် ၅၀၀ မှ ၁,၀၀၀ ခန့် ပိုမိုမြင့်တက်နေကြောင်း ကုန်သည်များထံမှ သိရသည်။
ယခု ၂၀၂၆ ခုနှစ် ဩဂုတ်လ တတိယပတ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ရှိ အဓိကကုန်စိမ်းဈေးကွက်ကြီးများတွင် ကျောက်ဖရုံသီး ဈေးနှုန်းများသည် သယ်ယူပို့ဆောင်ရေး စရိတ်နှင့် ဒေသတွင်း ဝယ်လိုအားအပေါ် မူတည်၍ တစ်လုံးလျှင် အနည်းဆုံး ၂,၀၀၀ ကျပ်မှ အမြင့်ဆုံး ၉,၅၀၀ ကျပ်ခန့်အထိ အရွယ်အစားအလိုက် အမျိုးအစားကွဲပြားကာ အရောင်းအဝယ် ဖြစ်ထွန်းလျက် ရှိသည်။
လားရှိုးမြို့မဈေးကြီး၊ ဘူတာဈေးနှင့် ရပ်ကွက်တွင်း ကုန်စိမ်းဈေးသည်များထံမှ သိရသော ကျောက်ဖရုံသီးဈေဂနှုန်းများမှာ ဗမာသီး (အလုံးကြီးရှယ် / ကျောက်ဖရုံယိုသုံး) - ဒေသတွင်း လက်လီဈေးကွက်၌ တစ်လုံးလျှင် ၈,၅၀၀ ကျပ်မှ ၉,၅၀၀ ကျပ် အထိ ရှိသည်။ထိုင်ဝမ်မျိုး / အလတ်စိုက် (အချက်အပြုတ်သုံး) - လားရှိုးမြို့ပေါ်တွင် ချက်ပြုတ်ရန် အဝယ်အများဆုံး ဖြစ်ပြီး တစ်လုံးလျှင် ၄,၀၀၀ ကျပ်မှ ၆,၀၀၀ ကျပ် အတွင်း ပေါက်ဈေးရှိသည်။ အလုံးသေး (တစ်ခါချက်) - တစ်လုံးလျှင် ၂,၀၀၀ ကျပ်မှ ၃,၀၀၀ ကျပ် အတွင်း ရှိသည်။ အိမ်ထောင်စုအလိုက် တစ်ခါချက်စာ အစိတ်လိုက်ဝယ်ယူသူများအတွက် တစ်စိတ်လျှင် ၁,၀၀၀ ကျပ်မှ ၂,၅၀၀ ကျပ် အထိ အရွယ်အစား အလိုက် စိတ်၍ ရောင်းချပေးလျက်ရှိသည်။
ကျောက်ဖရုံသီးသည် စိုက်ပျိုးစရိတ် သက်သာပြီး ပိုးမွှားဒဏ်ခံနိုင်ရည်ရှိခြင်းကြောင့် ရှမ်းမြောက်ဒေသရှိ တောင်သူများအနေဖြင့် ရေသွင်းစိုက်ပျိုးရန် အဆင်ပြေသည့် နေရာများတွင် ပိုမိုစိုက်ပျိုးလာကြသည်။ လားရှိုးမြို့ပေါ်ရှိ ကုန်စိမ်းပွဲစားများနှင့် ဟိုတယ်၊ စားသောက်ဆိုင် လုပ်ငန်းရှင်များကလည်း ဒေသတွင်းထွက် ကျောက်ဖရုံသီးများကို အလုံးပြတ်စနစ်ဖြင့် ခြံအထိ ဆင်းဝယ်ယူမှုများ ရှိနေသည်။
DOCa(ရှမ်း)
