ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ကြံများစတင်ထွက်ပေါ်နေပြီဖြစ်ပြီး မကြာမီရက်များတွင် လှိုင်လှိုင်ထွက်ပေါ်လာတော့မည်ဖြစ်သဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၉.၁၂.၂၀၂၂)နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ကြံစိုက်ပျိုးသော အင်ငါးခွကျေးရွာသို့သွားရောက်၍ ကြံစိုက်ပျိုးထွက်ရှိမှု့ ကုန်ကျစရိတ်များနှင့် အကျိုးအမြတ်များအား သိရှိနိုင်ရန်ကွင်းဆင်းလေ့လာခဲ့ပါသည်။
ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အနေဖြင့် ကြံစိုက်ပျိုးဧကမှာ ၂၀၄၉၅ဧက ရှိပြီး၊ ခင်းသစ် စိုက်ပျိုးဧကမှာ ၁၆၁၂၀ဧက၊ လမိုင်းစိုက်ဧကမှာ ၄၃၇၅ ဧကရှိပါသည်။ ပေါက်ခေါင်းမြို့နယ်တာဝန်ခံ ဦးကျော်ကျော်ထွန်းနှင့် ဝန်ထမ်းများသည် အင်ငါးခွကျေးရွာရှိ ကြံစိုက်ပျိုးသူ တောင်သူနှင့် တွေ့ဆုံ၍ မေးမြန်းရာ ၎င်းတွင်ကြံစိုက်ဧက (၅)ဧကကို စိုက်ပျိုးထားရှိပြီး၊ ကြံတစ်ဧက စိုက်ပျိုးထုတ်လုပ်ကုန်ကျ စရိတ်အနေဖြင့် ၈၉၀၀၀၀ကျပ်ခန့် ကုန်ကျသည်ဟု သိရှိရပါသည်။ ကြံတစ်ဧကအထွက်နှုန်းအနေဖြင့် ၃၅တန်ခန့် ထွက်ရှိပြီး ကြံတစ်တန်ရောင်းဈေးမှာ စက်အရောက် ၇၅၀၀၀ကျပ်ခန့်ရရှိသည်ဟု သိရှိရပါသည်။ ကြံတစ်ဧကဝင်ငွေအနေဖြင့် ၂၆၂၅၀၀၀ ကျပ်ခန့်ရရှိ၍ တောင်သူ၏ အသားတင် အကျိုးအမြတ်မှာ ၁၇၃၅၀၀၀ကျပ်ခန့် ရရှိသည်ဟု သိရှိရပါသည်။ ထွက်ရှိလာသည့် ကြံများကို အင်းငါးခွ သကြားစက်သို့ရောင်းချကြောင်း သိရှိရပါသည်။
ကြံရာသီချိန်တွင် ကြံစိုက်ပျိုးသူတောင်သူများအနေဖြင့် ကြံတစ်တန်ရောင်းဈေးမှာ ယခင်နှစ်ထက်ဈေးပိုမိုရရှိပြီး၊ သွင်းအားစုများဖြစ်သော မြေဩဇာဈေးများကြီးမြင့်လာသော်လည်း အထွက်နှုန်းကောင်းခြင်းတို့ကြောင့် အကျိုးအမြတ်ရရှိသည်ဟု သိရှိရပါသည်။
DOCA(ပဲခူး)