တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ခင်ရှည်ကျေးရွာအုပ်စု၊ ဇီးခင်ကျေးရွာတွင် တပိုင်တနိုင် စီးပွားရေးလုပ်ငန်းအဖြစ် သစ်သားစင်းနှီတုံးနှင့် သစ်သားယောင်းမများကို ရွာသူရွာသားများမှ ကိုယ်တိုင် လုပ်ကိုင်ကြပါသည်။ သစ်သားစင်းနှီတုံးကို မန်ကျည်းသားဖြင့် ပြုလုပ်ရခြင်းမှာ မန်ကျည်းသားသည် အလွန်မာကြောပြီး ကြာရှည်ခံသောကြောင့် ဆန်ဖွတ်ရန် ကျည်ပွေ့ များ၊ ဆီဆုံနှင့်ကြိတ်စက်များ၊ ထယ်များ၊ စူးများ၊ ဆောက်ရိုးများပြုလုပ်ရာတွင် ပိုမိုအသုံးဝင်သည့် အပြင် မီးဖိုချောင်သုံးပစ္စည်းဖြစ်သော စင်းနှီတုံးနှင့် ယောင်းမများပြုလုပ်ရာတွင်လည်း အသုံးပြုကြပါသည်။
စင်းနှီတုံးပြုလုပ်ရန်အတွက် မန်ကျည်းတစ်ပင်ကို ၅၀၀၀၀ ကျပ်ပေး၍ ဝယ်ယူရပါသည်။ လုပ်သား ၃ ဦးဖြင့် အချိန် ၃ ရက်ခန့် ကြာပါသည်။ မန်ကျည်းတစ်ပင်လျှင် ပုံမှန်အားဖြင့် စင်းနှီတုံး အတုံး ၁၀၀ မှ ၁၅၀ ခန့်အထိထွက်ရှိပါသည်။ ဈေးကွက်အတွင်း စင်းနှီတုံးတစ်တုံးကို အကြီးအသေး အပေါ် မူတည်၍ ၁၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ ရောင်းချရပါသည်။
စင်းနှီတုံးပြုလုပ်ရာတွင် ပထမဦးစွာ မန်ကျည်းပင်ကို လိုအပ်သည့် အထူအတိုင်း လွှဖြင့် အပိုင်းပိုင်းဖြတ်ပြီး မျက်နှာပြင်ကို အချောကိုင်ရပါသည်။ ယခုအခါ ခေတ်မီစက်ပစ္စည်းများ တိုးတက်လာသောကြောင့် စက်များဖြင့် အလွယ်တကူ လှီးဖြတ်ကာ အချောကိုင်ကြသဖြင့် အချိန်ကုန် သက်သာ ပါသည်။
သစ်သားယောင်းမပြုလုပ်ရာတွင်မူ ဇီးသားကို အသုံးပြုရပါသည်။ ဇီးပင်တစ်ပင်လျှင် သစ်သား ယောင်းမ ၁၀၀ မှ ၁၅၀ အထိရရှိပါသည်။ သစ်သားယောင်းမ အကြီးအသေးပေါ်မူတည်၍ တစ်ချောင်းလျှင် ၅၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ ရောင်းချရပါသည်။ သစ်သားစင်းနှီတုံးနှင့် သစ်သားယောင်းမများကို အမြို့မြို့အနယ်နယ်သို့ ပို့ဆောင်တင်ပို့ရောင်းချရကြောင်း သစ်သားစင်းနှီတုံးနှင့် သစ်သားယောင်းမလုပ်ကိုင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။
DOCA(ပဲခူး)