သရက်မြို့တွင် ဂျိုးစပေါက်စေ့များ အရောင်းအဝယ်ရှိနေ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တွင် မိုးတွင်းကာလအတွင်း လယ်ကွင်းစပ်အနီးတစ်ဝိုက်နှင့် မြေလွတ်/မြေရိုင်းများတွင် သဘာဝအလျောက်ပေါက်ရောက်နေသော ဂျိုးစပေါက်ပင်များအား စပါးရိတ်သိမ်းချိန်ဖြစ်သော နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင်ခုတ်ပြီး ရရှိလာသော ဂျိုးစပေါက်ပင်အနှံများကို နေလှန်း အခြောက်ခံ၍ ပြာလှေ့ကာ ရရှိလာသော အစေ့များအား သရက်မြို့ပေါ်ရှိပွဲရုံများမှ ဝယ်ယူလျက်ရှိပါသည်။

       ဂျိုးစပေါက်စေ့များမှာ ဈေးကောင်းရရှိကြောင်းနှင့် ဈေးကွက်အနေဖြင့် မန္တလေးမြို့မှအဝယ်ရှိ၍ သရက်မြို့မှ မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်းသိရပါသည်။ ယခုဒီဇင်ဘာလ(တတိယ)ပတ်တွင် ဂျိုးစပေါက်စေ့(အခြောက်) (၁)ပိဿာလျှင် ကျပ်(၃၀၀၀)ဈေးနှုန်းဖြင့် ပွဲရုံများမှ တစ်နေ့လျှင် (၁၀)ပိဿာမှ (၁၅)ပိဿာခန့်ထိဝယ်ယူလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ တောင်သူများမှာ အပိုဝင်ငွေရရှိပါကြောင်း ဂျိုးစပေါက်ဝယ်ယူသည့် ပွဲရုံလုပ်ငန်းရှင် ဦးဆန်းထွန်းထံမှသိရပါသည်။

DOCA(မကွေး)