မုံရွာမြို့နယ်၏ လက်ရှိကွမ်းဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

       မုံရွာခရိုင်၊ မုံရွာမြို့နယ်တွင် ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြသည်။ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ (၂)မျိုးခွဲ စိုက်ပျိုးကြပြီး မိုးစိုက်သည် ပိုးကျလွယ်သည့် အတွက် အစိုက်နည်းပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြသည်။

       ကွမ်းပင်များကို  ဝါဆိုလ(ဇွန်လ)တွင် စိုက်ပျိုးကြသည်။ ကွမ်းပျိုးပင်(၁)ပင်လျှင် (၄၀၀-၅၀၀) ကျပ်ပေးဝယ်ရပြီး တစ်ဧကလျှင် ကွမ်းပင် (၃၀၀၀)ခန့်စိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးပြီး(၄)လခန့် အရွယ်တွင် ခူးဆွတ်နိုင်ပြီး အစမ်းခူးသည့် အချိန်တွင် ပိဿာ(၄၅-၅၀)ထွက်ရှိပြီး တစ်နှစ်ကျော်လျှင် အထွက်နှုန်းတိုးလာပြီး ပိဿာ(၂၀၀-၂၅၀)အထိထွက်ရှိပါသည်။ မြေပြုပြင်ခြင်း၊ မျိုး၊ စိုက်ပျိုးခြင်း၊ သွင်းအားစုနှင့် လုပ်သားခများအပါအဝင် ကွမ်းအပင်ရေ(၁၀၀၀)ခန့် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျ စရိတ်မှာ ကျပ်(၁၅)သိန်းခန့်ကုန်ကျပြီး မြေဆီမြေသားကောင်းမွန်မှုနှင့် ဂရုစိုက်မှုပေါ်မူတည်၍ ကွမ်းသက်တမ်း( ၃နှစ်မှ ၇နှစ်ထိ )ကြာမြင့်သောကြောင့် အကျိုးအမြတ်အနေဖြင့် ကျပ်(၃၀)သိန်းနှင့် အထက် ရရှိကြောင်း သိရှိရပါသည်။

   မုံရွာမြို့နယ်ကွမ်းဈေးကွက်အနေဖြင့် ဒီဇင်ဘာ တတိယအပတ်တွင် ကွမ်းတစ်ပိဿာလျှင် (၉၀၀၀-၉၅၀၀)ကျပ် ဈေးရရှိပြီး ယခု ဒီဇင်ဘာစတုတ္ထအပတ်တွင် အရည်အသွေးအပေါ် မူတည်ပြီး တစ်ပိဿာလျှင်အနိမ့်ဆုံးဈေး (၇၅၀၀)ကျပ်မှ အမြင့်ဆုံးဈေး (၈၅၀၀-၉၅၀၀)ကျပ်အထိ ရောင်းချရပြီး အရောင်းအဝယ်သွက်ကာ ကွမ်းစိုက်တောင်သူများ အဆင်ပြေနေကြောင်း တောင်သူများထံမှ စုံစမ်းသိရှိရပါသည်။ 

DOCA(စစ်ကိုင်း)