
ပြည်တွင်း ကျောက်ဖရုံသီး ဈေးကွက်ဝယ်လိုအား မြင့်တက်လာပြီး စိုက်ပျိုးထုတ်လုပ်သူများ တွက်ခြေကိုက်လျက်ရှိသည်။ ပြည်တွင်းစိုက်ပျိုးရေးဈေးကွက်တွင် ရာသီမရွေး စိုက်ပျိုးဖြစ်ထွန်းသည့် ကျောက်ဖရုံသီးသည် စားသုံးသူဝယ်လိုအား ပုံမှန်ရှိနေသည့်အပြင် ခေါက်ဆွဲ၊မုန့်လုပ်ငန်းများနှင့် ယို ကဲ့သို့သော အစားအသောက်ပြုပြင်မွမ်းမံသည့်လုပ်ငန်းများမှ ဝယ်လိုအားမြင့်တက်လာသောကြောင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအကျိုးအမြတ်ဖြစ်ထွန်းလျက်ရှိသည်။
ကျောက်ဖရုံသီးသည် အခြားသီးနှံများနှင့် ယှဉ်လျှင်အချိန်တိုအတွင်း ရိတ်သိမ်းနိုင်ပြီး စိုက်ပျိုး စရိတ်သက်သာသည့် သီးနှံဖြစ်သည်။ ဆွတ်ခူးပြီးနောက် လပေါင်းများစွာ ကြာရှည်အထားခံသဖြင့် သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်ရေးတွင် ဆုံးရှုံးမှုနည်းပါးသည်။ အိမ်ထောင်စုများ၏ နေ့စဉ် ဟင်း သီးဟင်းရွက် ဈေးကွက်အပြင် ပြုပြင်မွမ်းမံသထုတ်လုပ်သော အစားအသောက်ကုန် စက်ရုံအလုပ်ရုံ များက ပိဿာချိန်အမြောက်အများ ပုံမှန်ဝယ်ယူကြသည်။ ကြောက်ဖရုံသီးတွင် ရေဓာတ်ပါဝင်မှု မြင့်မားပြီး ဆီးရွှင်စေခြင်း၊ အပူကင်းစေခြင်းနှင့် အစာချေလွယ်ခြင်းတို့ကြောင့် လူတို့၏ ကျန်းမာရေး ကို များစွာအကျိုးပြုသောကြောင့် ဝယ်လိုအား အမြဲရှိသည်။ ကျောက်ဖရုံသီးကို အရွယ်အစားအလိုက် ရောင်းချကြသည်။ ဈေးနှုန်းများမှာ ကျောက်ဖရုံသီး အလုံးကြီးတစ်လုံးလျှင် (၄၀၀၀/၆၀၀၀)ကျပ်၊ ကျောက်ဖရုံသီး အလုံးအလတ်တစ်လုံးလျှင် (၂၅၀၀/၃၅၀၀)ကျပ် ကျောက်ဖရုံသီး အလုံးသေး တစ်လုံးလျှင် (၁၅၀၀/၂၀၀၀)ကျပ် တို့ဖြင့် ရောင်းချကြသည်။ ကျောက်ဖရုံသီး တစ်ဧက စိုက်ပျိုးပါက ကုန်ကျစရိတ်ထက် အမြတ်ငွေ နှစ်ဆနီးပါးခန့် ပြန်လည်ရရှိနိုင်သဖြင့် ရာသီမရွေး ဝင်ငွေရရှိရန် အတွက် တောင်သူများ ပိုမိုတိုးချဲ့ စိုက်ပျိုးလာကြကြောင်း သိရသည်။
DOCA(ကရင်)
