ဖြစ်ထွန်းအောင်မြင်နေသောနွားထိုးကြီးမြို့နယ်၏မိုးနှမ်းစိုက်ဧကများ

Powered by Drupal

            နွားထိုးကြီးမြို့နယ်တွင် ပဲမျိုးစုံ၊ ထန်း၊ ကြက်သွန်နီးများ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ မိုးနှမ်းသီးနှံကိုလည်း စိုက်ပျိုးထားရှိကြောင်းသိရှိရသည်။ မိုးနှမ်းသီးနှံကို မေလ-ဇွန်လတို့တွင် စတင်စိုက်ပျိုးပြီး၊ အောက်တိုဘာလ တို့တွင်ရိတ်သိမ်းပေါ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်း ချိန်အထိ (၄)လခန့် ကြာမြင့်ကြောင်းသိရှိရသည်။

         ၂၀၂၆-၂၀၂၇ ခုနှစ်တွင် နွားထိုးကြီးမြို့နယ်၌ မိုးနှမ်းစီမံကိန်းသီးနှံ  ၁၆၈၀၂၂ ဧက လျာထား ချက်အပေါ် အမှန်စိုက်ပျိုးထားမှု  ၁၇၃၆၈၃ ဧကစိုက်ပျိုးထားရှိပြီး၊ လျာထားချက်ဧကထက် ၅၆၆၁ ဧက ကျော်ပိုမိုစိုက်ပျိုးထားရှိကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများ အရသိရှိရသည်။ နှမ်းစိုက်ပျိုးရန်အတွက် မြေယာပြုပြင်ရာတွင် ထွန်ရေးညက်ရန် လိုအပ်ကြောင်း၊ တောင်သူများလက်ရှိစိုက်ပျိုးနေသော နှမ်းမျိုးအများစုမှာ ဆင်းရတနာမျိုးဖြစ်ပြီး နှမ်းပင်များမှာ အကိုင်းဖြာသောမျိုးဖြစ်၍ နှမ်းစိုက်ရန် (၁၅) လက်မအတန်းအကွာအဝေးဖြင့် စိုက်ပျိုးထားကြောင်း၊ မျိုးစေ့များ အပင်ပေါက်ကောင်းစေရန် ကြောင်းဆွဲရာတွင် မြေမနက် ရန်လိုကြောင်း၊ တစ်ဧကလျှင် မျိုးစေ့(၄)ပြည်ခန့် စိုက်ပျိုးကြောင်း၊ ထွန်ကြောင်းဆွဲပြီး ကြဲပတ်စနစ်ဖြင့် မျိုးစေ့များ မြေကြီးထဲတွင် ကြောင်းတိမ်တိမ်ဆွဲ၍ မြေကြီးနှင့်ခပ်ပါးပါးဖုံးအုပ်ပြီး စိုက်ပျိုးပါက အထွက်တိုးခြင်းကို အထောက် အကူပြုကြောင်း သိရှိရသည်။ ယခင်နှစ် မိုးနှမ်းတစ်ဧကလျှင် (၇-၈) တင်းခန့်ထွက်ရှိခဲ့ကြောင်း၊ ယခင်နှစ်ထွက်ပေါ်ချိန်တွင် မိုးနှမ်းညိုတစ်တင်းလျှင် (၈၈၅၀၀)ကျပ်ခန့် ပေါက်ဈေး များဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုအချိန်တွင် မိုးနှမ်းညိုများ ဈေးကွက်တွင် လက်ကျန်အိတ်များ ကုန်ဆုံး သွားပြီ ဖြစ်ကြောင်းသိရှိရသည်။ ယခုနှစ်တွင် စိုက်ပျိုးထားသော မိုးနှမ်းများသည် ယခင်နှစ် ထက်အထွက်နှုန်း ပိုမိုနိုင်မည်ဟု ခန့်မှန်းထားကြောင်း နှမ်းစိုက်တောင်သူတစ်ဦး၏ ပြောပြ ချက်အရ သိရှိရသည်။

DOCA(မန္တလေး)