
ပုန်းရည်ကြီးကို ပဲအမျိုးမျိုးမှ ထုတ်လုပ်နိုင်သော်လည်း ပဲပိစပ်ကိုသာ အဓိကကုန်ကြမ်း အဖြစ်အသုံးပြုကြသည်။ ပုန်းရည်ကြီးထုပ်ကုန်၏ အဓိကကုန်ကြမ်းဖြစ်သော ပဲပိစပ်ကို ဒေသတွင်းထွက်ရှိမှုများအပြင်၊ နေပြည်တော်၊ ပျဉ်းမနား၊ လယ်ဝေး၊ သာဝတ္ထိ၊ ရေနီ၊ မြင်းခြံ ၊ရှမ်းပြည်နယ် ၊ အောင်ပန်း၊ ပင်းတယ ၊ ရွာငံ၊ဟိုပုံး စသည့်ဒေသများမှ ဝယ်ယူပြီး ထုပ်လုပ်လျက်ရှိသည်။ ကုန်ကြမ်းဖြစ် သောပဲပိစပ် ပိဿာချိန်(၃၀)ပိဿာ တစ်အိတ်လျှင် (၁၈၀၀၀၀) ကျပ်ခန့်မှ(၂၀၀၀၀၀) ကျပ်ထိ ဝယ်ယူရကြောင်း သိရသည်။
ပုဂံညောင်ဦးဒေသတွင် ရောင်းဝယ်ဖောက်ကားထုတ်လုပ်နေသော ပုန်းရည်ကြီး အမှတ်တံဆိပ် များမှာ ဇီးကွက်၊ မြင်းပျံ၊ ရွှေဥဩ၊ ပုဂံမြို့သူ၊ မြနှင်းဆီ၊ ရွှေနန်းတော်၊ မဏိစန္ဒာ၊ မြင်းနက်၊ မြင်းကျား၊ မြိန်၊ ငွေနဂါး၊ ရွှေယမင်း၊ ဆင်မြင်း၊ ရွှေရိုး၊ ဆင်ဖြူတော်၊ စွန်ပျံ၊ ရွှေရစ်မင်း၊ မြဇင်ယော်၊ ဇင်ယော်မေ၊ ဝမ်းဘဲတံဆိပ်၊ ရွှေဥဒေါင်း၊ သိန်းကမ္ဘာ၊ ဇာမဏီ၊ ရွှေကရဝိတ်၊ ပြည့်ဝသူ၊ ကြောင်နက်၊ မြနန်းတော် စသည့် အမှတ်တံဆိပ်အမျိုးမျိုးဖြင့် ထုတ်လုပ် ရောင်းချလျက်ရှိပြီး၊ ပုန်းရည်ကြီးလုပ်ငန်းကို ညောင်ဦးမြို့နှင့် ငါ့သရောက်မြို့တို့တွင် အများဆုံး ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။
ဈေးကွက်အနေဖြင့် ညောင်ဦးမြို့နယ်အတွင်း ပုန်းရည်ကြီးလုပ်ငန်း(၂၅)ကျော်ရှိပြီး (၁)ရက် ပျမ်းမျှ ပုန်းရည်ကြီး (၁၀၀၀)ပိဿာခန့် ထုတ်လုပ်လျက်ရှိပါသည်။ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများဖြစ်သည့်အတွက် လုပ်ငန်းများလုံးဝရပ်နားရခြင်းမရှိဘဲ ခရီးသွားနည်းပါးသည့် ကာလများ၌ ရက်ခြားလည်ပတ်ကြရပါသည်။ ကုန်ချောပုန်းရည်ကြီးများအား ဒေသသို့လာရောက်သည့် ခရီးသွားများအား ရောင်းချခြင်းများအပြင် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်၊ တနင်္သာရီတိုင်း ဒေသကြီး၊ မန္တလေး၊ မြစ်ကြီးနား၊ မြဝတီ၊ ကျိုင်းတုံ၊နေပြည်တော် စသည့် မြန်မာနိုင်ငံအနှံ့ရှိ မြို့များသို့လည်း ဆက်သွယ်ဖြန့်ဖြူး ရောင်းချကြပါသည်။
ကုန်ချောဈေးနှုန်းအနေဖြင့် မြင်းနက်ပုန်းရည်ကြီး လက်ကားဈေး(၃)လခံ အထုပ်သေး(၅) ထုပ်ပါ(၁)ဗူးလျှင် ၁၀၀၀ကျပ်၊ အထုပ်သေး(၁၀)ထုပ်ပါ(၁)ဗူးလျှင် ၂၀၀၀ကျပ်နှင့် (၁)နှစ်ခံ အထုပ်သေး(၅) ထုပ်ပါ(၁)ဗူးလျှင် ၂၅၀၀ကျပ်၊ မြင်းပျံပုန်းရည်ကြီး အထုပ်သေး(၁၀)ထုပ်ပါ (၁)ပါကင်လျှင် ၂၅၀၀ကျပ်၊ အထုပ်ကြီး(၂၅)ကျပ်သာ (၁)ထုပ်လျှင် ၂၅၀၀ကျပ်၊ ပုန်းရည်ကြီး ပိဿာ ဈေးနှုန်းအနေဖြင့် (၁)ပိဿာလျှင် ၁၂၀၀၀/ ၁၄၀၀၀ ကျပ်ဖြင့် ရောင်းချလျှက်ရှိပါသည်။ DOCA(မန္တလေး)
