ဒန့်ဒလွန်ပင်ကို အိမ်ခြံဝန်းများ၌ စားသုံးပင်အဖြစ် တစ်ပင်နှစ်ပင်ခန့် ကျေးရွာများရှိ အိမ်တိုင်းလိုလိုတွင် စိုက်ပျိုးထားရှိကြောင်း တွေ့ရှိရပါသည်။ ဒန့်ဒလွန်ပင်စိုက်ပျိုးရာတွင် အကိုင်း ကို ဖြတ်၍လည်းကောင်း၊ အစေ့ကို ၎င်းနည်း(၂)နည်းဖြင့် စိုက်ပျိုးကြပါသည်။ စီးပွားဖြစ်စိုက်ပျိုးမည်ဆိုပါက တစ်ပင်နှင့်တစ်ပင် ပေ(၂၀)ခန့်ခြားပြီး စိုက်ပျိုးရပါသည်။
ဒန့်ဒလွန်ပင်သည် အမြစ်တွယ်သော အမျိုးအစားဖြစ်ပြီး၊ အမြင့်မှာ (၁၀)မီတာ ခန့်မြင့် ပါသည်။ အကိုင်းအခက်များမှာ ဆက်သည့်သဘောရှိ၍ ကျိုးလွယ်သည့် အပင်မျိုးဖြစ်ပါသည်။ ဇွန်၊ ဇူလိုင် နှင့် ဩဂုတ်လများတွင် စိုက်ပျိုးပြီး စိုက်ပျိုးပုံမှာ ဒန့်ဒလွန်အကိုင်းများကို အရှည် ၁မီတာ၊ ၂မီတာလောက်ဖြတ်တောက်ပြီး စိုက်ပျိုးကြပါသည်။ စတင်စိုက်ပျိုးပြီး(၂)နှစ်သားအရွယ်တွင် အသီး အနည်းငယ်သီးလာပါသည်။ အပင် ၄-၅နှစ်သားတွင် အသီးများလှိုင်လှိုင်သီးလာပါသည်။ အကိုင်း များဖြတ်၍ စိုက်ပျိုးခြင်းထက် အစေ့ချ၍စိုက်ပျိုးလျှင် သီးနှုန်းပိုများကြောင်း သိရှိရပါသည်။
ဒန့်ဒလွန်ပင် တစ်ပင်လုံးသည် ပစ်စရာမရှိအောင်ကို အဖိုးတန်လှပါသည်။ ဒန့်ဒလွန် အရွက်တွင် ပိုတက်ဆီယမ်၊ သံဓါတ်၊ ပရိုတင်းဓါတ်နှင့် ဗီတာမင်စီဓါတ်များ ပါရှိသည့်အတွက် ဒန့်ဒလွန် အရွက်ကို ဟင်းရည်အဖြစ်ချက်၍သောက်လျှင် သွေးတိုးရောဂါများအတွက် အသင့်တော်ဆုံး ဖြစ်ပါသည်။ ဒန့်ဒလွန်အသီးမှာ အစိမ်းရောင်ရှိသောရှည်လျားသည့် အရွယ်အစားရှိပြီး ဒန့်ဒလွန် အသီးနု များကို ကုလားပဲဟင်းထဲတွင်ထည့်၍ သီးစုံဟင်း၊ ငါးခြောက်နှင့် ခရမ်းချဉ်သီးတို့ဖြင့်ရော၍ အရည် သောက်ဟင်းတစ်ခွက်အဖြစ်ချက်စားစား၊ ငါးနှင့်ရောနှော၍ ချက်စားစား အဆင်ပြေပြီး ရာသီစာ အဖြစ် အလွန်စားကောင်းသည့် သီးနှံတစ်မျိုးဖြစ်ပါသည်။ ထို့အပြင် ဒန့်ဒလွန် အပွင့်များကိုလည်း တချို့ဒေသများတွင် ကြော်ချက်စားရကြောင်း သိရှိရပြီး အပွင့်၏အရသာမှာ မှိုဟင်း၏ အရသာ နှင့်ဆင်တူပါသည်။ ဒန့်ဒလွန်အပွင့်များတွင် ကယ်စီယမ်ဓါတ်၊ သံဓါတ်၊ ဗီတာမင်အေ၊ ဗီတာမင်ဘီ၊ ဗီတာမင်စီနှင့် ပရိုတင်းဓါတ်များပါဝင်ကြောင်း သိရှိရပါသည်။ ဒန့်ဒလွန်ပင်တစ်ပင်လုံး၏ အသီး၊ အပွင့်၊ အခေါက်၊ အမြစ်တို့သည် ရိုးရာတိုင်းရင်းဆေးအဖြစ် တော်တော်များများတွင် အသုံးဝင်ကြောင်း သိရှိရပါသည်။
ယခုအချိန်တွင် ပြည်ဈေးကွက်တွင်း၌ ဒန့်ဒလွန်သီးများရောင်းချနေပြီး ဒန့်ဒလွန်သီး တစ်တောင့်လျှင် ၂၀၀-၂၅၀ကျပ်နှုန်းဖြင့် ၅တောင့်ပါတစ်စည်းလျှင် ၁၀၀၀ကျပ်နှုန်းဖြင့် မှော်ဇာ ကျေးရွာ၊ တီတွဒ် ကျေးရွာနှင့် ဇီးအုပ်ကျေးရွာများမှ ပြည်မြို့ရှိ စည်ပင်သာယာဈေးများသို့ လာရောက် ရောင်းချကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)