
နာနတ်သီးသည် တောင်သူများ၏လူနေမှုဘဝဖွံဖြိုးတိုးတက်ရေးအတွက် ဝင်ငွေကောင်းရရှိနိုင်သော အသီးနှံတစ်မျိုးဖြစ်ပါသည်။ နာနတ်သီးကို လတ်လတ်ဆတ်ဆတ်စားသုံးခြင်းအပြင် ဖျော်ရည်၊ ယို၊ အခြောက် ခံကာ အခြားတန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ်လည်း ထုတ်လုပ်ရောင်းချကြပါသည်။ နာနတ်သီးပင်သည် ရေဝပ်သည်ကိုမနှစ်သက်သောကြောင့် မြေဆီလွှာတိုက်စားမှုနည်းသော မြေပြန့် ကုန်းမြေများတွင် ၁၅-၂၀ စင်တီမီတာခန့် အနက်ရှိသောစိုက်ကျင်းများ တူး၍စိုက်ပျိုးကြပါသည်။ ရေစီးဆင်းမှုကောင်းပြီး မြေဆီဩဇာ ထက်သန်သည့် ဂဝံမြေနီ၊ သဲနုန်းမြေများတွင် စိုက်ပျိုးပါက အကောင်းဆုံးဖြစ်ထွန်းပါသည်။နာနတ်သီးကို မိုးဦးကျကာလဖြစ်သောမတ်လ၊ ဧပြီလနှင့် မေလများတွင် အဓိကစတင်စိုက်ပျိုးကြပါသည်။
မိုးရာသီတွင်စိုက်ပျိုးခြင်းဖြင့် သဘာဝမိုးရေကိုအပြည့်အဝရရှိကာ အပင်အမြစ်စွဲမြန်ပြီးကြီးထွားမှု ကောင်းမွန်စေပါသည်။ အပင်မစိုက်ပျိုးမီဖယ်ရှားထားသော သားတက်များကိုမှိုမတက်စေရန်နှင့် အပင်ပုတ်ခြင်း မှ ကာကွယ်ရန် (၁)ရက်မှ (၂)ရက်ခန့် ခြောက်သွေ့အောင်ထားရှိပြီးမှ စိုက်ပျိုးရပါသည်။ နာနတ်ပင်စိုက်ပျိုးပြီး (၁၅)လမှ (၁၈)လ အကြာတွင်ခူးဆွတ်နိုင်ပါသည်။နာနတ်သီးများကို ဇွန်လ ကုန်မှစ၍ စက်တင်ဘာလထိ လှိုင်လှိုင်ထွက်ရှိပါသည်။ မိုးရာသီတွင်မှည့်သော နာနတ်သီးများသည် ဆောင်းရာသီတွင်မှည့်သော အသီးများ ထက်အချိုဓာတ်ပိုကဲပြီး အရသာပိုမို ကောင်းမွန်ပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နာနတ်သီးကို ဆီဆိုင်၊နမ့်စန်၊ မိုင်းကိုင်၊ မိုင်းပန်၊ ဆိုက်ခေါင်၊ ဒေသများတွင်အဓိကစိုက်ပျိုးကြပြီး တောင်ကြီးမြို့တွင် မြို့မဈေး၊ စဝ်စံထွန်းဈေး၊ အမှတ်(၅) ဈေးများတွင် နာနတ်သီးဈေးနှုန်းများမှာ အသီးအရွယ် အစားအပေါ်မူတည်၍ တစ်လုံးလျှင် ၄၀၀၀- ၅၀၀၀ကျပ် မှ ၈၀၀၀ကျပ်ဝန်းကျင်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။
DOCA(ရှမ်း)
