ပြည်ဒေသ၏ ပန်းဂေါ်ဖီစိမ်းဈေးကွက်

Powered by Drupal

           ပြည်မြို့နယ်တွင် ပန်းဂေါ်ဖီစိမ်းများကို ပန်းဂေါ်ဖီ အဖြူကဲ့သို့  စက်တင်ဘာလနှင့် ဒီဇင်ဘာ လတို့တွင် စိုက်ပျိုးပြီး ဆောင်းရာသီ ရိုးရိုးပန်းဂေါ်ဖီများပေါ်ချိန်တွင် ထွက်ပေါ်ကြပါသည်။ အေး၍ ခြောက်သွေ့သောဒေသများတွင် ပန်းဂေါ်ဖီအစိမ်းကို အပင်သက်တမ်း (၁၁)လခန့်အထိ ကြာမြင့်သည်ဟု သိရှိရပါသည်။ ပန်းဂေါ်ဖီစိမ်းစိုက်ပျိုးသည့် နေရာများမှာ အောင်ဆန်းပြည်သာယာဘက်ရှိ ဥယျာဉ် ခြံမြေများတွင် စိုက်ပျိုးကြပါသည်။ သဲဆန်သော နုန်းမြေများတွင်စိုက်ပျိုးနိုင်ပြီး တစ်ဧကလျှင် မျိုးစေ့အနေဖြင့် ပေါင်ဝက်ခန့်လိုအပ်သည်ဟု သိရှိရပါသည်။ ပန်းဂေါ်ဖီစိမ်းကို စိုက်ပျိုးပြီး ၂လခွဲ ၃လအကြာတွင် စတင်ခုတ်ယူနိုင်ပြီး အချိန်မီမခုတ်ပါက ပန်းပွင့်မှာ အရောင် ပြောင်းသွားသည်ဟု သိရှိရပါသည်။ ပန်းဂေါ်ဖီအစိမ်း တစ်ဧကလျှင် မျိုးအလိုက်ကွာခြားပြီး မျိုးကောင်းလျှင်ကောင်းသလို တစ်ဧကလျှင် ပျမ်းမျှ ၅-၆တန် ခန့်ထွက်ရှိသည်ဟု သိရှိရပါသည်။

            ပန်းဂေါ်ဖီစိမ်း ဈေးနှုန်းဈေးကွက်အနေဖြင့် ယခုအချိန်တွင်ဈေးကောင်းရနေပြီး ပန်းပွင့်ကြီး တစ်ပွင့်လျှင် ၈၀၀-၉၀၀ကျပ်၊ အပွင့်သေးလျှင် ၄၀၀-၅၀၀ကျပ် အထိရောင်းချကြောင်း သိရှိရပါသည်။ ပြည်ဒေသတွင် စိုက်ပျိုးသော ပန်းဂေါ်ဖီစိမ်းမှာ ဒေသတွင်းသာစားသုံးပြီး နယ်သို့တင်ပို့ ရောင်းချခြင်းမရှိကြောင်း သိရှိရပါသည်။ ပန်းဂေါ်ဖီစိမ်းမှာ ပန်းဂေါ်ဖီ အဖြူထက်နူးညံ့၍ စားသုံးသူများ အကြိုက်တွေ့သလို ကျန်းမားရေးအရပါ ဗီတာမင် K ဓါတ်ပါဝင်မှုများပြီး နှလုံးသွေး ကြောကျင်း ရောဂါ၊ သားအိမ်ကင်ဆာနှင့် ရင်သားကင်ဆာတို့ကိုပျောက်ကင်းကြောင်း သိရှိရပါသည်။ ပန်းဂေါ်ဖီ အစိမ်းမှာ ပန်းဂေါ်ဖီ အဖြူထက် ဈေးကောင်းပြီး လူကြိုက်များသဖြင့် ပိုမိုတိုးချဲ့စိုက်လျှင် စိုက်ပျိုးသူ အဖို့ ပိုမို အကျိုးအမြတ်ဖြစ်ထွန်းမည်ဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)