တရုတ်နိုင်ငံထံမှ အမေရိကန်ဒေါ်လာ ၄.၉၆ ဘီလီယံတန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှု ကတိကဝတ်များရရှိခဲ့သည့် အင်ဒိုနီးရှား

Powered by Drupal

         အင်ဒိုနီးရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သည့် Two Countries Twin Parks (TCTP) မူဘောင်အောက်တွင် တရုတ်ကုမ္ပဏီများထံမှ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာကတိကဝတ် စုစုပေါင်း ရူပီး ၈၈.၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄.၉၆ ဘီလီယံ) ရရှိထားကြောင်း အင်ဒိုနီးရှားစီးပွားရေးပူးပေါင်းညှိနှိုင်းရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ စီးပွားရေးပူးပေါင်းညှိနှိုင်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Ali Murtopo Simbolon က TCTP မူဘောင်သည် အင်ဒိုနီးရှားနှင့် တရုတ်နိုင်ငံတို့အကြား စီးပွားရေးဆက်ဆံရေး ပိုမိုနက်ရှိုင်း စေရန် အရေးပါသည့်ပူးပေါင်းဆောင်ရွက်မှုမူဘောင်တစ်ရပ်ဖြစ်ကြောင်း စက်တင်ဘာ ၁၈ ရက် တွင်ထုတ်ပြန်သည့်ကြေညာချက်၌ ပြောကြားခဲ့ပါသည်။ အဆိုပါပူးပေါင်းဆောင်ရွက်မှုသည် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးသာမက စက်မှုလုပ်ငန်းများအကြားချိတ်ဆက်မှု၊ ကုန်စည်ထောက်ပံ့ရေး ကွင်းဆက်၊ နည်းပညာလွှဲပြောင်းမှု၊ ထုတ်ကုန်တန်ဖိုးမြှင့်တင်မှုနှင့် အလုပ်အကိုင်ဖန်တီးပေးနိုင်မှုတို့ကို အားကောင်းစေရန်ရည်ရွယ်ကြောင်း ၎င်းကဆိုပါသည်။ TCTP မူဘောင်အောက်တွင် ယခင်က နားလည်မှုစာချွန်လွှာ ၃၀ ခု လက်မှတ်ရေးထိုးခဲ့ပြီး ရူပီး ၃၇.၁ ထရီလီယံ (အမေရိကန် ဒေါ်လာ ၂.၀၉ ဘီလီယံ) ခန့် ရင်းနှီးမြှုပ်နှံရန် ကတိကဝတ်များရရှိထားခဲ့ကြောင်း သိရပါသည်။ စက်တင်ဘာ ၉ ရက်က တရုတ်နိုင်ငံ Xiamen မြို့တွင် ကျင်းပသည့် တရုတ်-အင်ဒိုနီးရှား TCTP ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆွေးနွေးပွဲတွင် ထပ်မံ၍ ရူပီး ၅၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂.၈၇ ဘီလီယံ) တန်ဖိုးရှိ စီးပွားရေးလုပ်ငန်းဆိုင်ရာကတိကဝတ်များရရှိခဲ့သဖြင့် စုစုပေါင်း ကတိကဝတ် တန်ဖိုးမှာ ရူပီး ၈၈.၁ ထရီလီယံအထိ ရှိလာခြင်းဖြစ်ကြောင်း သိရပါသည်။ ယခုရရှိထားသည့် ကတိကဝတ်များသည် စီမံကိန်းများလက်တွေ့အကောင်အထည်ဖော်ပြီး ရင်းနှီးမြှုပ်နှံမှု အမှန် တကယ်ဝင်ရောက်လာသည်အထိ ဆက်လက်စောင့်ကြည့်ရန်လိုအပ်သည့် ကနဦးအဆင့် ဖြစ်ကြောင်း Simbolon က ပြောကြားခဲ့ပါသည်။ အစိုးရအနေဖြင့် ကတိကဝတ်များကို လက်တွေ့စီမံကိန်းများအဖြစ် အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် ရင်းနှီးမြှုပ်နှံသူများ၊ စက်မှုဇုန်စီမံခန့်ခွဲသူများနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ အစိုးရအဖွဲ့အစည်းများအကြားဆက်သွယ်ညှိနှိုင်းမှုများကို အစိုးရက ဆက်လက်ကူညီ ပေးမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုအတွက်အတားအဆီးများကို လျင်မြန်စွာနှင့် ပူးပေါင်းညှိနှိုင်း ဖြေရှင်းပေးမည်ဖြစ်ကြောင်း ၎င်းကဆိုပါသည်။ TCTP သည် အင်ဒိုနီးရှားနှင့် တရုတ်နိုင်ငံတို့ ပူးတွဲဖော်ဆောင်သည့် စက်မှုဇုန်ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြစ်ပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် နှစ်နိုင်ငံပူးတွဲကြေညာချက်ဖြင့် တရားဝင်ဖွဲ့စည်းခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် မေ ၂၅ ရက်တွင် အင်ဒိုနီးရှား စီးပွားရေးပူးပေါင်းညှိနှိုင်းရေးဝန်ကြီးဌာန၊ တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် Fujian ပြည်နယ်အစိုးရတို့က TCTP ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းဆိုင်ရာနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှု ပိုမို ခိုင်မာလာခဲ့ကြောင်း သိရပါသည်။ Xiamen မြို့၌ ကျင်းပသည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဆွေးနွေးပွဲတွင် အင်ဒိုနီးရှားနိုင်ငံရှိ Batang Industropolis အထူးစီးပွားရေးဇုန်၊ Tanjung Lesung အထူးစီးပွားရေးဇုန်နှင့် Bintan စက်မှုဇုန်တို့မှ ကိုယ်စားလှယ်များက တရုတ်ရင်းနှီး မြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံနိုင်သည့်အခွင့်အလမ်းများကို တင်ပြခဲ့ကြကြောင်း သိရပါသည်။
        အဆိုပါဆွေးနွေးပွဲတွင် နှစ်နိုင်ငံအစိုးရတာဝန်ရှိသူများ၊ စက်မှုဇုန်စီမံခန့်ခွဲသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား တိုက်ရိုက်စီးပွားရေးချိတ်ဆက်မှုများပြုလုပ်ကာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)