မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ရွှေဘုံသာကျေးရွာအုပ်စု၊ သာစည်ကျေးရွာ တွင် ထန်းပင်မြစ်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစီးပွားရေးအဆင်ပြေလျက်ရှိကြောင်း၊ တောင်သူ များသည် လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီးအပိုဝင်ငွေရရှိစေရန် ထန်းပင်မြစ် စိုက်ပျိုးခြင်းကို လည်း တစ်ဖက်တစ်လမ်းမှလုပ်ကိုင်ကြကြောင်း သိရှိရပါသည်။
သာစည်ကျေးရွာရှိ တောင်သူများသည် ထန်းသီးမှည့်ချိန်ဖြစ်သည့် ဝါဆို၊ ဝါခေါင်လများတွင် ထန်းသီးမှည့်များအားကောက်ယူစုဆောင်းပြီး၊ တောင်သူ(၁)ဦးလျှင် အလျား (၁၀)ပေ၊ အနံ(၅)ပေနှင့် အမြင့် (၁)ပေရှိသော မြေကျဥ်းတူးကာရရှိလာသော ထန်းသီးမှည့်များကိုထည့်ထားပြီး နောင်အချိန် တွင် တူးဖော်ရာ၌လွယ်ကူစေရန် သဲမြေများဖြင့် ဖုံးအုပ်ထားကြောင်းသိရပါသည်။ ထန်းပင်မြစ် အချောင်း ရေ(၁၀၀၀)ခန့် ထွက်ရှိရန် ထန်းသီးမှည့်အလုံးရေ(၇၀၀)ခန့် မြေကျဉ်းထဲသို့ထည့်ပြီး စိုက်ပျိုးကြ ကြောင်း၊ သုံးလကျော်လေးလလယ်တွင် စတင်တူးဖော်ရာ ထန်းပင်မြစ်(၈၀၀)ခန့်ရရှိပါကြောင်း၊ ရောင်းချ ရာတွင် အချောင်းရေ(၂၀)ပါ (၁)စည်းလျှင် ယခင်နှစ်က ကျပ်(၇၀၀-၈၀၀)သာ ရောင်းချခဲ့ရပြီး၊ ယခုနှစ်တွင် အကောင်းဆုံး(၁)စည်းလျှင် ကျပ်(၁၅၀၀)ရရှိကာ ပျမ်းမျှ(၁)စည်းလျှင် ကျပ်(၁၀၀၀)ခန့်ဖြင့် ရောင်းချ ရသည့်အတွက် ထန်းပင်မြစ်စိုက်ပျိုးသော မြေကျဉ်း(၁)ကျဉ်းလျှင် အပိုဝင်ငွေ ကျပ်(၄၀၀၀၀)ခန့်ရရှိ ကြောင်းသိရှိရ ပါသည်။
စလင်းမြို့နယ်မှထွက်ရှိသည့် ရာသီပေါ်အညာဒေသထွက်ထန်းပင်မြစ်များအား ဒေသတွင်း စားသုံးသူပြည်သူများမှ ဝယ်ယူစားသုံးကြပြီး၊ နီးစပ်ရာမြို့များနှင့် ကျေးရွာများသို့ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း ထန်းပင်မြစ်စိုက်ပျိုးရောင်းချသည့်တောင်သူ ဒေါ်မိုးမိုးမြင့်ထံမှ သိရှိရပါသည်။
DOCA(မကွေး)