ကသာခရိုင်တွင် ၂၀၂၂-၂၀၂၃ခုနှစ် ဆောင်းနှမ်းစိုက်ဧက (၄၅၄၄၂)ဧကရှိပါသည်။ ဆောင်းသီးနှံ နှမ်းကို နှစ်စဉ် ဇူလိုင်လနှင့် ဩဂုတ်လများတွင် စိုက်ပျိုးကြပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် ရိတ်သိမ်းကြသည်။ အဓိက စိုက်ပျိုးသော နှမ်းမျိုးမှာ နှမ်းနက်(စမုံ)အမျိုးအစားဖြစ်သည်။
နှမ်းသီးနှံစိုက်ပျိုးရာတွင် သွင်းအားစု အသင့်အတင့်ထည့်ရပြီး တစ်ဧကကုန်ကျစရိတ် လေးသိန်း ခန့်သာ ကုန်ကျသည့်အတွက် ကုန်ကျစရိတ် ကြီးကြီးမားမားမရှိကြောင်း သိရသည်။ ယခုနှစ် ဆောင်း နှမ်းတစ်ဧက ၉ တင်းမှ ၁၀ တင်းခန့် ထွက်သည့်အတွက် အထွက်နှုန်းကောင်းကြသည်။ ဒီဇင်ဘာလ နောက်ဆုံးအပတ် နှမ်းရိတ်သိမ်းပြီးချိန် ဒေသတွင်း အထိုင်ဈေးတစ်တင်း(၈၅၀၀၀)ကျပ်ရှိပြီး မန္တလေး အဝယ်ဒိုင်များတွင် တစ်တင်း(၉၂၀၀၀)ကျပ်ဈေး ရှိကြောင်းသိရသည်။ ဒေသထွက်နှမ်းများအား ဗန်းမော်၊ မန္တလေး ကားလမ်းမှ ကုန်ကားများဖြင့် မန္တလေးပွဲရုံများသို့ နေ့စဉ် ငါးစီးခန့် တင်ပို့မှုများ ရှိနေ ကြောင်း သိရသည်။
နှမ်းတောင်သူများအနေဖြင့် နှမ်းသီးနှံမှ တစ်ဧကအကျိုးအမြတ် (၄၅၀၀၀၀)ကျပ် ရရှိသည့် အတွက် ယခုနှစ် ဆောင်းနှမ်းမှာ အထွက်နှုန်း ကောင်းသလို ဈေးလည်းကောင်းကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။
DOCA(စစ်ကိုင်း)