
ကရင်ပြည်နယ်သည် ရာသီဥတု မြေဆီလွှာကောင်းမွန်သော ဒေသတစ်ခုဖြစ်သည်။ ကရင် ပြည်နယ်အတွင်းရှိ ဒေသထွက်မြေပဲများကို စိုက်ပျိုးရေးထုတ်ကုန်တစ်ခုဖြစ်စိုက်ပျိုးကြပြီး တန်ဖိုးမြင့် ထုတ်ကုန်အဖြစ်လည်း ထုတ်လုပ်လျက်ရှိသည်။ ကရင်ပြည်နယ်အတွင်းရှိ မြေပဲကို ဘားအံ၊ လှိုင်ဘွဲ့ နှင့်ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် အဓိကထားစိုက်ပျိုးကြပြီး ထွက်ရှိလာသည့် မြေပဲများကို အစိမ်းအတိုင်း ရောင်းချခြင်းအပြင် ဒေသတွင်း တန်ဘိုးမြင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ် လျက်ရှိသည်။ ယခု သီတင်းပတ်အတွင်း ကရင်ပြည်နယ် ဒေသထွက် သီးနှံဈေးကွက်၌ ဖြစ်ပေါ် နေသော မြေပဲဈေးနှုန်းများမှာ မြေပဲဆံ တစ်ပိဿာလျှင်(၉၅၀၀/၁၁၀၀၀)ကျပ်၊ မြေပဲဆီ စစ်စစ် တစ်ပိဿာလျှင်(၂၀၀၀၀/ ၂၂၀၀၀)ကျပ် တို့နှင့် တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် မြေပဲယို၊ မြေပဲလှော်၊ မြေပဲထုပ်များ ထုပ်ပိုးမှုနှင့် အလေးချိန်ပေါ်မူတည်၍ တစ်ထုပ်လျှင် (၁၅၀၀) ကျပ်မှ (၁၀၀၀၀)ကျပ် အထိ အသီးသီးဈေးနှုန်းဖြစ်ရောင်းချကြသည်။ မြေပဲထွက်နှုန်း သင့်တင့်သလို ဒေသထွက် မြေပဲဆီစစ်စစ်နဲ့မြေပဲမုန့်၊ မြေပဲယိုလို တန်ဖိုးမြင့်ထုတ်ကုန်များကို ကရင်ပြည်နယ် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များသည် သဘာဝအတိုင်း စိုက်ပျိုးထားသည့် မြေဲပဲများကို အခြေခံ၍ သန့်ရှင်းလတ်ဆတ်သော မြေပဲဆီ၊ မြေပဲယို၊ မြေပဲလှော် သရေစာများနှင့် အလှကုန်သုံး မြေပဲဖတ်ဘေးထွက်ပစ္စည်းများအထိ နည်းပညာသုံး ထုတ်ပိုးမှုများဖြင့် ဈေးကွက်အတွင်း တိုးချဲ့ ဖြန့်ဖြူး လာကြသည်။ အထူးသဖြင့် ဒေသထွက် မြေပဲဆီများ ဓာတု ကင်းလွတ်ပြီး ကျန်းမာရေး နှင့်ညီညွတ်သည့်အတွက် အိမ်နီးချင်းဒေသနှင့် ခရီးသွားဧည့်သည်များအကြား ရေပန်းစားသည့် ဒေသထွက်စားစရာ လက်ဆောင်ပစ္စည်းတစ်ခုအဖြစ် အရောင်းသွက်လျက်ရှိသည်။ ကုန်သည်များ အနေဖြင့်လည်း ဒေသတွင်းတန်ဖိုးမြင့်ထုတ်ကုန်များကို ထုတ်ပိုးမှုစနစ်၊ အရည်အသွေးပိုမိုကောင်းမွန် အောင် ဆောင်ရွက်နိုင်ပါက အိမ်နီးချင်း ထိုင်းနိုင်ငံနယ်စပ်ဈေးကွက်များအထိ ပိုမိုကျယ်ပြန့်စွာ တင်ပို့ရောင်း ချနိုင်မည်ဖြစ်ကြောင်း သိရသည်။
DOCA(ကရင်)
