ပန်းဂေါ်ဖီထုပ် စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်အခြေအနေ

Powered by Drupal

       ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ဒေသထွက် ပန်းဂေါ်ဖီထုပ်ကို ရာသီပေါ် သီးနှံအဖြစ် စပါးများရိတ်သိမ်းပြီးချိန်၌ မြေပြန့်လွင်ပြင်များတွင် နွေ၊ မိုး၊ ဆောင်း ရာသီမရွေး စိုက်ပျိုးနိုင်သော်လည်း ဆောင်းရာသီ၌သာ အများဆုံးစိုက်ပျိုးကြပါသည်။ မြေပြန့်ဒေသများဖြစ်သော ယန်းလော၊ ကတ်ထိုက်၊ လွယ်လုံ၊ မိုင်းလတ်၊ မိုင်းဇင်း ကျေးရွာအုပ်စုတို့တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည့် အခြေအနေများကို စိုက်ပျိုးသည့်တောင်သူကြီးများထံမှ မေးမြန်းခဲ့ပါသည်။

         ပန်းဂေါ်ဖီထုပ်မျိုးစေ့များကို EAST WEST SEED (ဒေသအခေါ် မြှားနီ)အမှတ်တံဆိပ် (10g) တစ်ထုပ်လျှင် ကျပ် (၁၅၀၀၀)ဈေးရှိပြီး၊ (၅)ထုပ်လျှင် ကျပ် (၇၅၀၀၀)ဖြင့် ဝယ်ယူ၍ တစ်လကြာမြင့်သည်အထိ ပျိုးထောင်ရပါသည်။ ပျိုးထောင်ချိန်တွင် ပန်းဂေါ်ဖီထုပ်စိုက်ပျိုးမည့်မြေနေရာကို မြေပြုပြင်ခြင်းဆောင်ရွက်ရာတွင် လုပ်အားခအနေဖြင့် တစ်ဧကလျှင် ကုန်ကျငွေစုစုပေါင်း ကျပ်(၃)သိန်း ကျော်ခန့်ပေးရပါသည်။ ပန်းဂေါ်ဖီထုပ်၏ တစ်ဧကစိုက်ပျိုးရန်အတွက် အဓိကလိုအပ်သောသွင်း အားစုများမှာ သဘာဝမြေဆွေး (၈၀)အိတ်လျှင် ကျပ်(၁)သိန်းကျော်ခန့်၊ ကြက်ချေး (၈)အိတ်လျှင် ကျပ်(၄)သောင်းခန့်၊ နွားချေး (၅၀)အိတ်လျှင် ကျပ် (၁)သိန်းကျော်၊ MPK ကွန်ပေါင်း (၁၅ပတ်လည်) နှစ်အိတ်လျှင် ကျပ်(၂)သိန်းကျော်ခန့်ဈေးရှိပြီး၊ ပိုးသတ်ဆေး(၂)ဘူးလျှင် ကျပ်(၂)သောင်းကျော်ခန့်၊ အပင်အားတိုးဆေး (၂)ဘူးလျှင် ကျပ်(၂)သောင်းခန့်တို့ဖြစ်ကြပါသည်။

          ပန်းဂေါ်ဖီထုပ်အပင်များ ကြီးထွားရန်အတွက် ရေလုံလောက်စွာရရှိရန် လိုအပ်ကြောင်းနှင့် ပျိုးသက်တမ်း တစ်လကြာပြီးနောက် ပျိုးပင်ပေါက်များကို မြေပြုပြင်ထားသည့်နေရာတွင် ပေခြား တန်းခြား (၂)ပေပတ်လည်၌ တစ်ပင်နှုန်းစိုက်ပျိုးပါသည်။ တစ်ဧကလျှင် အပင်စုစုပေါင်း တစ်သောင်းကျော်ခန့်စိုက်ပျိုး၍ အပင်စိုက်ခလျှင် ကျပ် (၁)သိန်းနှင့် ပေါင်းရှင်းခလျှင် ကျပ် (၁)သိန်းကုန်ကျပါသည်။ အချိန်ကာလ နှစ်လအကြာ၌ ပန်းဂေါ်ဖီထုပ်ခူးဆွတ်ချိန်တွင် ရိတ်သိမ်းခလျှင် ကျပ် (၁)သိန်းကုန်ကျပါသည်။ ခူးဆွတ်ပြီး ပန်းဂေါ်ဖီထုပ်များကို ကျိုင်းတုံမြို့၊ မြို့မဈေး၌ အရွယ်အစားအပေါ်မူတည်၍ လက်ကား ဈေးတစ်လုံးလျှင် ကျပ် (၄၀၀) မှ ကျပ် (၆၀၀) ထိရရှိပြီး လက်လီဈေးတစ်လုံးမှာ ကျပ် (၁၀၀၀)မှ ကျပ် (၁၅၀၀)အထိ ပေးဝယ်ရကြောင်းသိရှိရပါသည်။ ပန်းဂေါ်ဖီထုပ်စိုက်ပျိုးသောတစ်ဧကစုစု ပေါင်းကုန်ကျစရိတ်မှာ ကျပ် (၁၂)သိန်းကျော်ခန့်ဖြစ်ပြီး တစ်ဧကအထွက်နှုန်းမှာ အလုံးအရေအတွက် (၈၀၀၀)လုံးခန့်ထွက်ရှိပါသည်။ ရောင်းရငွေမှာ လက်ကားအနိမ့်ဆုံးဈေးဖြင့်တွက်လျှင် ကျပ်(၃၂)သိန်း ခန့်ရရှိ၍ တစ်ဧကအကျိုးအမြတ်မှာ ကျပ်(၁၉)သိန်းခန့်ရရှိပါသည်။

       ပန်းဂေါ်ဖီထုပ်စိုက်ပျိုးသည့်တောင်သူကြီးများသည် ပန်းဂေါ်ဖီထုပ်စိုက်ပျိုးခြင်းဖြင့် အရင်းအနှီးနည်း၍ အလုပ်မရှုပ်စေပဲ အမြတ်အစွန်းများများရရှိသောကြောင့် ပန်းဂေါ်ဖီထုပ်များကို ဒေသအတွင်း ဈေးနှုန်းချိုသာစွာဖြင့် စားသုံးမှုဖူလုံစေရန် တိုးချဲ့စိုက်ပျိုးလုပ်ကိုင်သင့်ကြောင်း အကြံပြုရေးသားလိုက်ရပါသည်။

DOCA(ရှမ်း)