ဝင်ငွေတိုးရန်ဖရုံသီးစိုက်စို့

Powered by Drupal

 

          ဖရုံသီးသည် မြန်မာနိုင်ငံတွင် လူအများစားသုံးကြသော ဟင်းသီးဟင်းရွက်သီးနှံတစ် မျိုးဖြစ်ပြီး ကယားပြည်နယ်တွင် ဒေသအခြေအနေ၊ မြေအမျိုးအစား၊ ရာသီဥတုအခြေအနေ များနှင့် ကိုက်ညီသောနေရာများ၌ စိုက်ပျိုးကြသည်။ဖရုံးသီးသည် နေရောင်ခြည်ကောင်းစွာ ရရှိပြီး ရေစီးဆင်းမှုကောင်းသော မြေသြေဇာပြည့်ဝသည့်မြေကိုနှစ်သက်သည်။ ထို့ကြောင့် စိုက်ပျိုးမည့်မြေကို ထွန်ယက်ပြင်ဆင်ပြီး နွားချေး၊ မြေဆွေး စသည့် သဘာဝမြေသြေဇာများ ထည့်သွင်းပေးသင့်သည်။ ဖရုံပင်သည် အနွယ်ဝင်ပင်ဖြစ်သောကြောင့် နွယ်များပြန့်ပွားနိုင်ရန် လုံလောက်သောနေရာ ချန်ထားပေးရန်လည်းလိုအပ်ပါသည်။

          ဖရုံသီးကို အများအားဖြင့် မျိုးစေ့မှ စိုက်ပျိုးကြသည်။ အရည်အသွေးကောင်းပြီး ကျန်း မာသောမျိုးစေ့များကိုရွေးချယ်၍ မြေထဲတွင်အပေါက်ပြုလုပ်ကာစိုက်ပျိုးရသည်။ အပင်ပေါက် လာပြီးနောက် အားနည်းသောအပင်များကိုဖယ်ရှားပြီး ကျန်းမာသန်စွမ်းသောအပင်များကို သာ ချန်ထားသင့်သည်။ အပင်ကြီးထွားနေစဉ်အတွင်း မြေမခြောက်စေရန် ရေကိုပုံမှန်ပေးရ ပြီး ပေါင်းပင်များကိုလည်း ရှင်းလင်းပေးရသည်။ ထို့အပြင် အပင်ကြီးထွားမှု ကောင်းစေရန် သင့်တင့်သောမြေသြေဇာများပေးနိုင်ပြီး ပိုးမွှားနှင့် ရောဂါများဖြစ်ပွားမှု ရှိ/မရှိ ကိုလည်း ပုံမှန် စစ်ဆေးပေးရပါသည်။ ဖရုံသီးကို လွိုင်ကော်မြို့၊ လောပိသမြို့နှင့် ဒီးမော့ဆိုမြို့နယ် အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးကြသည်။

          ဖရုံပင်ကြီးထွားလာသောအခါ အဖိုပန်းနှင့်အမပန်းများပွင့်လာပြီး အမပန်းမှ အသီး များစတင်သီးလာကြပါသည်။ အသီးများသည်အစပိုင်းတွင် သေးငယ်သော်လည်း အချိန်ကြာ လာသည်နှင့်အမျှ ကြီးထွားလာပြီး ရင့်မှည့်လာသည်။ ဖရုံသီးကို အသီးငယ်စဉ်တွင်ဟင်းချက် စားရန်ရိတ်သိမ်းနိုင်သကဲ့သို့ အသီးရင့်မှည့်သောအခါတွင်လည် ရိတ်သိမ်းနိုင်သည်။ အသီး ရင့်လာသောအခါ အခွံမာလာခြင်းတို့ကို တွေ့ရတက်သည်။ ရိတ်သိမ်းရာတွင် အသီးကို မထိ ခိုက်စေရန် အညှာအနည်းငယ်ချန်၍ ဖြတ်ယူသင့်သည်။ ရိတ်သိမ်းပြီးသောဖရုံသီးများကို အရွယ်အစားနှင့်အရည်အသွေးအလိုက် ခွဲခြားပြီး ပျက်စီးနေသောအသီးများကို ဖယ်ရှားပေးရ ပါသည်။ ထို့နောက်လေဝင်လေထွက်ကောင်းပြီး အရိပ်ရသောနေရာတွင်ထားရှိကာဈေးကွက် သို့သယ်ယူရောင်းချနိုင်ပါသည်။ ကယားပြည်နယ်တွင် ထွက်ရှိသော ဖရုံသီးများကို‌ဒေသအ တွင်းရှိဈေးများ၊  လက်ကားကုန်သယ်များနှင့်  စားသောက်ဆိုင်များသို့   ရောင်းချနိုင်ပါသည်။

ဖရုံသီး၏ဈေးနှုန်းသည် ရာသီ၊  အထွက်နှုန်း၊  အရည်အသွေး၊ အရွယ်အစားနှင့် ဝယ်လိုအား တို့အပေါ်မူတည်၍ အတက်အကျရှိနိုင်ပါသည်။ လွိုင်ကော်မြို့ပေါ်ရှိ သီရိမင်္ဂလာဈေးတွင် ဖရုံသီးတစ်လုံးကို ( ၁၅၀၀ မှ ၂၀၀၀ ) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ဈေးသည် တစ်ဦးထံမှသိရှိရပါသည်။

          ဖရုံသီးသည် ကယားပြည်နယ်တွင် ဒေသအခြေအနေအလိုက် စိုက်ပျိုးနိုင်ပြီး အိမ်စား ဖို့အတွက်သာမကဘဲ စီးပွားဖြစ်ရောင်းချရန်အတွက်ပါ အသုံးဝင်သော ဟင်းသီးဟင်းရွက်သီး နှံတစ်မျိုးဖြစ်သည်။ မြေကိုစနစ်တကျပြုပြင်ခြင်း၊ အရည်အသွေးကောင်းသောမျိုးစေ့အသုံး ပြုခြင်း၊ ရေနှင့်မြေသြဇာကိုသင့်တင့်စွာပေးခြင်း၊ ပိုးမွှားရောဂါများကို ကာကွယ်ခြင်းနှင့် အထွက်များသောအချိန်တွင် ဈေးနှုန်းကျဆင်းနိုင်သောကြောင့် စိုက်ပျိုးမည့်အချိန်တွင် ဈေး ကွက်ကို ကြိုတင်လေ့လာခြင်းတို့ကိုပြုလုပ်နိုင်ပါက ဖရုံသီးစိုက်ပျိုးခြင်းမှ တောင်သူများ အတွက် ဝင်ငွေရရှိနိုင်မည်ဖြစ်သည်။

DOCA(ကယား)