
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်၌ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်)တွင် မတ်ပဲဈေးနှုန်းမှာ တစ်တင်း(၂၀ပိဿာ)လျှင် ကျပ်(၉၀၀၀၀-၁၀၀၀၀၀)၊ ပဲစဉ်းငုံ တစ်တင်း (၂၀ ပိဿာ)လျှင် ကျပ်(၁၂၆၈၀၀)ဈေးဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက မတ်ပဲတစ်တင်းလျှင် ကျပ်(၅၀၀၀)၊ ပဲစဉ်းငုံ တစ်တင်းလျှင် ကျပ်(၅၆၀၀)ခန့် ဈေးမြင့်တက်လာကြောင်း သိရသည်။
မတ်ပဲ၊ ပဲစဉ်းငုံဈေးကွက်အခြေအနေမှာ ဈေးတရှိန်ထိုးတက်သွားခြင်းမျိုးမဟုတ်ဘဲ ဈေးခိုင်မာသည့်ဘက်သို့ ရောက်နေသည်ကိုတွေ့ရသည်။ ပဲသစ်မပေါ်မီ ကြားကာလ(နိုဝင်ဘာ၊ ဒီဇင်ဘာ)လ၌ ပြည်ပနိုင်ငံ(အိန္ဒိယ)၏ ဝယ်လိုအားနှင့်မိုးလေဝသအပေါ်မူတည်၍ ဈေးနှုန်းအတက်/အကျ ပြောင်းလဲမှုရှိသည်။ ကြားကာလမှာ ပြည်ပဝယ်လိုအား ထပ်မံရှိလာပါက ပြည်တွင်းမတ်ပဲနှင့် ပဲစဉ်းငုံဈေးကွက်သည် ဈေးအမြင့်တန်းတစ်ခုသို့ ပြန်လည်ရောက်ရှိရန် အလားအလာ ကောင်းမွန်ကြောင်း သိရပါသည်။
ဈေးကွက်သုံးသပ်ချက်အနေဖြင့် ပဲလက်ကျန်နည်းပါးမှု၊ အရည်အသွေးကောင်းထိပ်စ လိုအပ်မှုများရှိနေကြောင်း တွေ့ရသည်။ တောင်သူ၊ ကုန်သည်နှင့် လှောင်လက်များအနေဖြင့် ပစ္စည်းလက်ကျန်များရှိနေသေးပါက အိန္ဒိယ၏ဝယ်လိုအားက တဖန်ပြန်လည်ကောင်းမွန်လျှင် မတ်ပဲ၊ ပဲစဉ်းငုံ ဈေးနှုန်းများ ဈေးတန်းအမြင့်ဘက်သို့ ရောက်ရှိနိုင်သည်။ ပဲပေါ်သည့်ရာသီချိန် (ဇန်နဝါရီ၊ ဖေဖေါ်ဝါရီ၊ မတ်) လများ၌ ဈေးကွက်ထဲသို့ ပဲမျိုးစုံအလုံးအရင်းဖြင့် ဝင်ရောက်လာမည်ဖြစ်သော်လည်း ပြည်ပဝယ်လိုအား ပြန်လည်ကောင်းမွန်လျှင် ဈေးတန်းထပ်မံတက်လာနိုင်သည်။ ဈေးနှုန်းအတက်/ အကျ ကိုသုံးသပ်သည့်အခါ ပြည်တွင်းဈေးကွက်တစ်ခုတည်းကိုသာမဟုတ်ဘဲ ပြည်ပ(အိန္ဒိယ)နိုင်ငံ၏ ဝယ်လိုအားကိုပါ လေ့လာသုံးသပ်ရမည်ဖြစ်သည်ဟု ကုန်သည်များ၏ သုံးသပ်ချက်အရ သိရှိရပါသည်။
DOCA(မကွေး)
