လာမည့်အယ်လ်နီညိုရာသီဥတုကြောင့် နွေရာသီသုံး လူသုံးကုန်နှင့် လျှပ်စစ်ပစ္စည်းဈေးကွက် လှုပ်ခတ်လာပြီး အရောင်းအဝယ် မြင့်တက်လျက်ရှိ

Powered by Drupal

       လာမည့်နွေရာသီတွင် ကျရောက်မည့် အယ်လ်နီညို (El Niño) ရာသီဥတု ဖြစ်စဉ်ကြောင့် အပူချိန်မြင့်မားခြင်းနှင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များပြားလာနိုင်မှုကို စားသုံးသူပြည်သူများ ကြိုတင်ပြင်ဆင်လာကြသည့်အတွက် နွေရာသီသုံး အဝတ်အထည်များ၊ ပန်ကာနှင့် လျှပ်စစ် အသုံး အဆောင် ပစ္စည်းဈေးကွက်အတွင်း ဝယ်လိုအား သိသိသာသာ မြင့်တက်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

     အဆိုပါ ရာသီဥတု အပြောင်းအလဲနှင့်အတူ မြို့နယ်အသီးသီးရှိ အိမ်ထောင်စုများနှင့် စားသုံးသူများသည် ခရမ်းလွန်ရောင်ခြည် ကာကွယ်ပေးသည့် UV ကာအင်္ကျီများ၊ လေဝင်လေထွက်ကောင်းသည့် ချည်သားအင်္ကျီများနှင့် အမျိုးအစားစုံလင်သည့် ပေါ်တာဘယ်လ် (Handheld& Portable) ပန်ကာများ၊ ဘက်ထရီ/အားသွင်း မီးလုံးများကို ကြိုတင်ဝယ်ယူ စုဆောင်းမှုများ ပြုလုပ်လာကြခြင်းဖြစ်သည်။

    ယခုနှစ် ဩဂုတ်လဆန်းပိုင်းမှစ၍ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးအသီးသီးရှိ ကုန်တိုက်များ၊ အဝတ်အထည်ဆိုင်များနှင့် အီလက်ထရွန်နစ် ပစ္စည်းအရောင်းဆိုင်များတွင် အရောင်းအဝယ် ပိုမိုသွက်လက်လာခဲ့သည်။

        နွေရာသီ ပူပြင်းမှုဒဏ်ကို လျှော့ချနိုင်ရေးနှင့် လျှပ်စစ်မီး အခက်အခဲများကို ကျော်လွှားနိုင်ရန် အတွက် စားသုံးသူများက ၎င်းတို့၏နေ့စဉ်သုံးစွဲမှု ဦးစားပေးအလိုက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် သက်ဆိုင်ရာ ပစ္စည်းများကို လိုက်လံဝယ်ယူနေကြခြင်းဖြစ်သည်။

        ဈေးကွက်အတွင်း ပစ္စည်းဝယ်ယူရရှိနိုင်မှု အခြေအနေမှာ အားသွင်းပန်ကာနှင့် Handheld Fan အမျိုးမျိုး၏ရောင်းအားမှာ ယခင်နှစ်ထက် ရောင်းအားပိုမိုမြင့်တက်လာပြီး ချည်သားအထည်များ အနေဖြင့် အရည်အသွေးအပေါ်မူတည်၍ (၂၀၀၀၀ကျပ်ဝန်းကျင် မှ ၇၀၀၀၀ကျပ်ဝန်း ကျင်အထိရှိပြီး)၊ UVနေကာအင်္ကျီများအနေဖြင့်လည်း အရည်အသွေးအပေါ် မူတည်၍ (၂၅၀၀၀ကျပ်မှ ၁၂၀၀၀၀ကျပ်အထိ ရှိပြီး) အွန်လိုင်းရှော့ပင်းများနှင့် ပြင်ပဆိုင်များတွင် အပြိုင်အဆိုင် တင်သွင်းရောင်းချလျက်ရှိသည်။ ကုန်သည်များအနေဖြင့်လည်း ဈေးကွက် လိုအပ်ချက်နှင့်အညီ ကုန်ပစ္စည်း ပြတ်လပ်မှုမရှိစေရန်နှင့် စားသုံးသူများ အလွယ်တကူ ဝယ်ယူနိုင်ရန် ကြိုတင်မှာယူသိုလှောင်ထားရှိမှုများ ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။

DOCA(မန္တလေး)