အင်းမပုဆိုးများပြည်တွင်းဈေးကွက်တွင်ရောင်းအားကောင်း

Powered by Drupal

          အင်းမပုဆိုးဆိုသည်မှာ မြန်မာနိုင်ငံ၊ အင်းမမြို့ဒေသထွက် ရိုးရာလက်ယာဖြင့် ယက်လုပ် သော လူကြိုက်များသည့် အမျိုးသားဝတ်မြန်မာ့ရိုးရာပုဆိုးတစ်မျိုးဖြစ်သည်။ အင်းမပုဆိုးများကို မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ အင်းမကျေးရွာနှင့်အနီးဝန်းကျင်ဒေသများတွင် အဓိကထုတ်လုပ်ကြသည်။ ဒေသခံများက ရိုးရာရက်ကန်းလုပ်ငန်းဖြင့်ထုတ်လုပ်ကြပြီး အရောင်အ သွေး၊ ဒီဇိုင်းနှင့်အထည်အမျိုးအစားများအလိုက် ပုဆိုးအမျိုးမျိုးရက်လုပ်ရောင်းချကြသည်။

          အင်းမပုဆိုးများသည် ချည်သားအရည်အသွေးကောင်းမွန်ခြင်း၊ ဝတ်ဆင်ရာတွင်သက်တောင့် သက်သာရှိခြင်းနှင့် ရိုးရာလက်ရာပုံစံများကြောင့် လူကြိုက်များသည်။ အင်းမပုဆိုးကို ကုန်ကြမ်း ရရှိခြင်းမှစတင်ပြီး ချည်ပြင်ဆင်ခြင်း၊ ဆေးဆိုးခြင်း၊ ချည်ရစ်ခြင်းနှင့်ရက်ကန်းစင်ပေါ်တွင်ရက်လုပ် ခြင်း စသည့်အဆင့်များဖြင့် ဆောင်ရွက်ကြသည်။ ရက်လုပ်ပြီးသောပုဆိုးများကို အရည်အသွေး စစ်ဆေးခြင်း၊ အရွယ်အစားညှိခြင်းနှင့် အပြီးသတ်ပြင်ဆင်ခြင်းများ ပြုလုပ်ပြီးနောက် ရောင်းချရန် အတွက် ထုတ်ပိုးကြသည်။ ထုတ်လုပ်ပြီးသော အင်းမပုဆိုးများကို ဒေသခံ ထုတ်လုပ်သူများက ဒေသတွင်းကုန်သည်များနှင့် လက်ကားရောင်းချသူများထံရောင်းချခြင်း၊ထို့နောက်လက်ကား ကုန်သည် များမှတစ်ဆင့် မန္တလေး၊ ရန်ကုန်စသည့်မြို့ကြီးများသို့ သယ်ယူဖြန့်ဖြူးရောင်းချခြင်းများ ပြုလုပ်ကြသည်။ ထိုမှတစ်ဆင့် အထည်ဆိုင်များနှင့် လက်လီရောင်းချသူများထံပြန်လည်ရောင်း ချကြသည်။

          အင်းမပုဆိုးများ၏ ပြည်တွင်းကုန်သွယ်မှုတွင် ထုတ်လုပ်သူများ၊ ကုန်သည်များ၊ ပွဲရုံများ၊ လက်ကားနှင့် လက်လီရောင်းချသူများ ပါဝင်ကြပြီး ထုတ်လုပ်ရာဒေသမှ အခြားဒေသများသို့ ဖြန့် ဖြူးရောင်းချခြင်းဖြင့် ဒေသခံရက်ကန်းလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို  အထောက်အကူပြုလျက်ရှိသည်။ ဈေးနှုန်းမှာလည်း အထည်အမျိူးအစား၊ ချည်သားအရည်အသွေး၊ ဒီဇိုင်းနှင့်ရက်လုပ်လက်ရာပေါ်မူတည်၍ ကွာခြားမှုရှိပြီး အရည်အသွေးကောင်းမွန်သော အင်းမ ပုဆိုးများမှာ ဈေးနှုန်းပိုမိုမြင့်မားကြောင်းသိရသည်။ ရိုးရာအထည်အလိပ်များအပေါ်သုံးစွဲ သူများ ၏စိတ်ဝင်စားမှုရှိနေခြင်းကြောင့် အင်းမပုဆိုးများသည်ပြည်တွင်းဈေးကွက်တွင် ဆက်လက်ရောင်းဝယ် ဖောက်ကားလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)