
ရွှေပန်းငွေပန်းကို ဥအတက်များမှတဆင့် မြေအစိုဓာတ်ကောင်းမွန်သော မြေဘောင်များတွင် ဧပြီလ နှင့် မေလများ၌ အဓိက စိုက်ပျိုးကြသည်။အမြင့်ပေ ၃ ပေ မှ ၄ ပေ အထိ အမြင့်ရှိ၍ အမြစ်ဥ တက်မှ ပင် စည်များ ပွားများထွက်ပြီး သားတက်များ ပွားလေ့ရှိသည်။ အပွင့်အရောင် အဖြူဖြစ်၍ ပင်စည်ရိုးတံ ထိပ် တွင်စု၍ တစ်ပင်လျှင် ၁ ပွင့် မှ ၁၀ ပွင့်အထိ ပွင့်လေ့ရှိပြီး နေ့စဉ် နံနက် ည အပွင့်များ ပွင့်လေ့ရှိကာ ရေမပြတ်ပေးလျှင် ပိုမို ပွင့်စေပါသည်။
အပင်၏အမျိုးအစား
ငွေပန်းသည် ဗုဒ္ဓသရဏံ အပင်မျိုးကဲ့သို့ စေ့ရွက်ထီးရှိသော အမျိုးအစားဖြစ်ပြီး အရွက်ပြား၍ အမြစ်ဥတက်မှ မျိုးပွားစိုက်ပျိုးလေ့ရှိကြပါသည်။
စိုက်ပျိုးသည့်ဒေသ
ငွေပန်းများကို မြန်မာပြည်အောက်ပိုင်း မြေပြန့်ဒေသများတွင် အများအပြား စိုက်ပျိုးကြ၍ ရေကောင်းစွာ ပေးနိုင်သော အရပ်ဒေသတွင် ဖြစ်ထွန်းအောင်မြင်ပါသည်။
စိုက်ပျိုးနိုင်သောရာသီဥတု
အစိုဓာတ်ကို ကြိုက်နှစ်သက်ပြီး ရေဝပ်၍ စိမ့်စွဲသောနေရာတွင် ဖြစ်ထွန်းမှုမရှိဘဲ မြေပွ၍ မြေဩဇာ ထက်သန်သော မြေနေရာတွင် အမြစ်ဥ ထွားကျိုင်း၍ ပင်စည်ရိုးတံတုတ်ပြီး အပွင့်လှိုင်လှိုင် ပွင့်လေ့ ရှိကာ ပူပြင်းခြောက်သွေ့သောရာသီဥတုကို ကြိုက်နှစ်သက်ခြင်း မရှိသော အပင်မျိုးဖြစ်ပါ သည်။
စိုက်ပျိုးနည်း
ဥအတက်မှ မျိုးပွားပျိုးထောင်ရကြောင်း၊ စိုက်ပျိုးရန် ငွေပန်းပျိုးပင် တစ်ပင်နှင့် တစ်ပင် ၄ လက်မ အ ကွာ တစ်တန်းနှင့်တစ်တန်း ၆ လက်မ အကွာထား၍ ပြုပြင်ထားသော မြေဘောင်ပေါ်တွင် ပြောင်းရွှေ့ စိုက်ပျိုးရကြောင်း သိရသည်။ ပြောင်းရွှေ့စိုက်ရန် အကောင်းဆုံးအချိန်မှာ ဧပြီလနှင့် မေလများ ဖြစ်ပြီး စိုက်ခင်းတွင် ရေတစ်ရက်ခြား လောင်းရပကြောင်း၊ အစိုဓာတ်ကို ကြိုက်နှစ်သက် သော်လည်း ရေဝပ်၍ စိမ့်စွဲပါက ဥတက်များ ရေနာ ပုပ်သွားတတ်ပြီး တစ်ပင်နှင့်တစ်ပင် ၆ လက်မအကွာအဝေးဖြင့် တစ်ဧကပျိုးပင် ၈၆၀၀၀ ခန့်စိုက်ပျိုးနိုင်ပါသည်။
မြေဩဇာကျွေးခြင်း
ပြောင်းရွှေ့စိုက်ပျိုးပြီးသော ငွေပန်းပင်များအား နှစ်လသားအရွယ်ရှိသောအခါ စိုက်ဘောင်တစ် ဘောင် အတွက် ယူရီးယားမြေဩဇာ ထမင်းစားဇွန်း ၃ ဇွန်းခန့် ကို ရေ ၄ ဂါလံတွင် ဖျော်၍ လောင်းပေး ရပြီး စိုက်ခင်းဘောင် မြေမကျပ်စေရန် တစ်လ ၂ ကြိမ် ပေါင်းမြက်ရှင်း၍ မြေပြုပြင်ပေးရပါသည်။
ရေသွင်းပေးခြင်း
အိမ်ခြံတွင် အလှစိုက်ပျိုးပါက ပုံမှန်အတိုင်း ရေလောင်းပေးလေ့ရှိပြီး စီးပွားဖြစ်စိုက်ပျိုးပါက စိုက်ဘောင်ကြားတွင် ရေလောင်းပေးလေ့ရှိကြောင်း သိရသည်။ အပွင့်ရွက် အနာခြောက်များအား အောက်ခြေမှ ဖယ်ရှားပေးပြီး အပင်များ မယိုင်လဲစေရန် လိုအပ်ပါသည်။
ကျရောက်တတ်သောပိုးမွှားများ
ပင့်ကူနီ (Red Spider)ပိုးသည် အိမ်ဖွဲ့နေပြီး အပွင့်များကို ငယ်စဉ်အခါကတည်းက မပွင့် နိုင်အောင် ဖျက်ဆီးလေ့ရှိသည်။ Leaf Hopper လည်းကျတတ်သည့်အတွက် မာလာသီယွန်ဆေး တို့နှင့် ပက် ဖျန်း ကာကွယ်နိုင်ပါသည်။
ဖြစ်ပွားတတ်သောရောဂါများ
၁။ ဥအတက်များတွင် နီမတုတ်ရောဂါ (nematode) ရောဂါ ကျရောက်တတ်သောကြောင့် ဖော်မလင် ဆေးရည် တစ်ဆနှင့် ရေရှစ်ဆ ရောစပ်ပက်ဖျန်းကာကွယ်ပေးရပါသည်။
၂။ ဥပုပ်ရောဂါ (root rot) ဥအတက်များ ဗိုင်းရပ်စ်ကြောင့် ကြုံလှီခြောက်သွေ့၍ တဖြည်းဖြည်း သေသွားသည် အထိ ဖြစ်တတ်ပြီး ၎င်းမြေကို သစ်ရွက်ခြောက်နှင့် မီးရှို့၍ မြေသင်းပေးရပါသည်။
မျိုးပွားနည်း
ငွေပန်းများအား ဥသားတက်များမှ ခွဲယူပြီး ပျိုးထောင် မျိုးပွားလေ့ရှိကြပြီး ပျိုးဘောင်တွင် ပျိုးမထောင်ဘဲ တိုက်ရိုက်သားတက်ခွဲ၍ စိုက်ခင်းတွင် စိုက်ပျိုးနိုင်ပါသည်။
ထွက်ရှိသောအထွက်နှုန်း
စီးပွားဖြစ် အနေဖြင့် စိုက်ပျိုးပါကတစ်ဧကစိုက်ပင် ၈၆၀၀၀ မှ လှိုင်လှိုင်ပွင့်ပါက ၅၀ ပွင့် အစည်း ပေါင်း ၂၀၀၀ ခန့် ထွက်ရှိပြီး တစ်နှစ်လျှင် ပန်းပွင့်ကာလ (၆)လခန့်ဖူးပွင့်ပါသည်။
မြင်းခြံမြို့နယ်ရှိ ရွှေပန်းငွေပန်းကို သဲဖြူဝကျေးရွာ၊ လေးအိမ်တန်းကျေးရွာ၊ လှိုင်းတက်၊ ဘောလုံး၊ ဓါးကျွန်း၊ ဆင်တဲကျေးရွာများတွင် ရွှေပန်းငွေပန်းပင်များကိုခြံဝန်းများအတွင်း၌ စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပြီး မြင်းခြံဈေးကွက်တွင်လာရောက်ရောင်းချကြပါသည်။ ပေါ်စချိန်တွင် တစ်ကုံးလျှင် (၅)ပွင့်စီဖြင့် (၁၀)ကုံးပါ တစ်ထုပ်ကို (၈၀၀)ကျပ် ရောင်းချရပြီး လှိုင်လှိုင်ပေါ်ချိန်တွင် (၁၀)ကုံးပါ တစ်ထုပ်လျှင် (၅၀၀)ကျပ် ဖြင့်ရောင်းချရပြီး (၆)လခန့် ခူးဆွတ်ရောင်းချရ၍ အကျိုးအမြတ်ရရှိသော အပင်တစ်မျိုးဖြစ်သောကြောင့် စီးပွားဖြစ်စိုက်ပျိုးသင့်ပါသည်။DOCA(မန္တလေး)
