သရက်မြို့၌ထွက်ရှိသည့် ခရမ်းချဉ်သီးဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

         အိမ်နောက်ဖေးဈေးဆိုင်တည်ဟူသည့် ရှေးစကားအတိုင်း မိမိတို့နေထိုင်ရာ အိမ်အနောက်ရှိ မြေကွက်လပ်များတွင် စားဖိုဆောင်သီးနှံများစိုက်ပျိုးခြင်းသည် ဈေးဖိုးကုန်ကျစရိတ်ကို အတော် အသင့်ထိန်းသိမ်းရာရောက်ပါသည်။ စားဖိုဆောင်သီးနှံများအနက်မှ ခရမ်းချဉ်သီးမှာ ရာသီအချိန်အခါမရွေး စိုက်ပျိုးနိုင်ခြင်းနှင့် အိမ်၌ဟင်းချက်ရာတွင်သာမက ဈေးတွင်လည်းရောင်းချနိုင်သည့်အတွက် မိသားစုအပိုဝင်ငွေရရှိသောသီးနှံဖြစ်ပါသည်။

          သရက်မြို့၌ ခရမ်းချဉ်စိုက်ပျိုးသူတောင်သူများမှာ ကြာကွက်သီး(ခေါ်) ဗမာသီးနှင့် ထိုင်ဝမ်သီး နှစ်မျိုးကို အဓိကထားစိုက်ပျိုးကြကြောင်း၊ တောင်သူအများစုသည် ခရမ်းချဉ်သီးမျိုးစေ့များကို ပြည်မြို့ မှ ဝယ်ယူလေ့ရှိကြကြောင်း၊  စတင်ပျိုးထောင်ရာတွင် ရက်ပေါင်း(၂၀-၂၅)ရက် ကြာအောင်ပျိုးရကြောင်း၊ ထိုသို့ပျိုးထောင်ပြီးရလာသော အပင်များကိုစိုက်ခင်းထဲတွင် (၂)လအကြာရေသွင်းစိုက်ပျိုး၍ ရက်ပေါင်း (၈၅)ရက်အကြာတွင် စတင်ခူးဆွတ်ရပါကြောင်း၊ (၀.၅၀)ဧကတွင် အပင်(၁၅၀၀)စိုက်ပျိုးထားပါကြောင်း၊ (၁)ပင်လျှင် ခရမ်းချဉ်သီး(၂၀)ကျပ်သားထွက်ရှိပြီး တစ်နေ့လျှင် (၂)ပိဿာခန့်ရရှိပါကြောင်း၊  ထို့နောက် ရရှိလာသည့် ခရမ်းချဉ်သီးများကို သရက်မြို့၊ မြို့မဈေးတွင်သာမက အနီးအနားရှိကျေးရွာများဖြစ်သော တုတ်ကိုင်း‌ကျေးရွာနှင့် မလိုင်ခြုံကျေးရွာများသို့ တင်ပို့ရောင်းချကြောင်း၊ အနောက်ရပ်တောင်ပိုင်း ရပ်ကွက်ရှိ မြန်မာခြံကျေးရွာ၌ ခရမ်းချဉ်သီးစိုက်ပျိုးသည့်တောင်သူ ဒေါ်ဆွေဆွေအေးထံမှ သိရပါ သည်။ ယခု ဒီဇင်ဘာစတုတ္ထပတ်တွင် ခရမ်းချဉ်သီးမှာ (၁)ပိဿာလျှင် ကျပ်(၁၂၀၀-၁၅၀၀)ဖြစ်၍ ယခင် တတိယပတ်ထက် ဈေးအနည်းငယ်ကျဆင်းကြောင်း၊ သို့ရာတွင် ခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ် (၁၀၀၀)အောက် မရောက်ပါက မျိုးဘိုးကျပ်(၂၁၀၀၀)၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေး ကျပ်(၃၉၀၀၀) ဖြစ်ပြီး မိသားစုလုပ်အားဖြင့် စိုက်ပျိုးခဲ့၍ (၃)လအတွင်း အကျိုးအမြတ်အနေဖြင့် (၀.၅၀)ဧကတွင် ကျပ်(၃)သိန်းခန့် အပိုဝင်ငွေရရှိကြောင်း ခရမ်းချဉ်စိုက်တောင်သူထံမှ သိရှိရပါသည်။

DOCA(မကွေး)